Tuesday, February 12, 2013

ပိတောက်ပင် ရေနံလုပ်ငန်းအတွင်း လုပ်ငန်းရှင်နှင့် လုပ်ကွက်ရှင်များ ပဋိပက္ခဖြစ်ပွား

စောဇင်ညီ

မကွေးတိုင်း သရက်မြို့နယ် ပိတောက်ပင်ကျေးရွာရှိ ရေနံလုပ်ငန်းအတွင်း လုပ်ငန်းပိုင်ရှင်နှင့် လုပ်ကွက် အဌားပိုင်ရှင်တို့ကြား ပဋိပက္ခများဖြစ် ပွားလျက်ရှိကြောင်း ဒေသခံနှင့် ရေနံမြေ အလုပ်သမားများမှပြော သည်။

အဆိုပါ ပဋိပက္ခများမှာ ရေနံထုတ်လုပ်သည့် လုပ်ငန်းပိုင်ရှင် ရွှေရာသီ ကုမ္မဏီမှ ရေနံဈေး သတ်မှတ်မှု နည်းခြင်း၊ မီးလောင်မှုဖြစ်ပွားခဲ့သည့် လုပ်ကွက်များအား လုပ်ကွက်အဌားပိုင်ရှင်များမှသာ တာဝန်ခံရခြင်း တို့အတွက်ကြောင့်ဖြစ်သည်ဟု လုပ်ကွက်အဌားပိုင်ရှင်များက ပြောသည်။

“ ရေနံကျတော့ ကုမ္မဏီက ဈေးနိမ့်ပေးတယ်။ မီးလောင်မှု ဖြစ်တိုင်း ဖြစ်တိုင်း ကျွန်တော်တို့ကပဲ ခေါင်းခံရတယ်” ဟု ရေနံမှော် လုပ်ကွက်အ ဌား ပိုင်ရှင် ကိုစိုးက ပြောသည်။

ပိတောက်မြေ ရေနံလုပ်ငန်းရှိ လုပ်ကွက် အများအပြားမှာ မီးလောင်မှု မကြာခဏ ဖြစ်ပေါ်ကာ မီးလောင်မှုဖြစ်ပွားတိုင်း ကုမ္မဏီမှ တာဝန်မခံပဲ လုပ်ကွက် ပိုင်ရှင်များဘက်ကသာ တာဝန်ယူနေရကြောင်း မီးဘေး သင့် လုပ်ကွက် ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ကျွန်တော့် လုပ်ကွက် မီးလောင်တာ သိန်းငါးရာလောက် ဆုံးရှုံးသွားတယ်။ကုမ္မဏီက တစ်ပြားမှ ပြန်မပေးဘူး။ ဒဏ်ရာရတဲ့ အလုပ်သ မားတွေ အတွက်လဲ ကိုယ် အိပ်ထဲကပဲ စိုက်သုံးရတယ်” ပာု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ကုမ္မဏီ ဘက်ကို မေးမြန်း သောအခါ ရွှေရာသီ ကုမ္မဏီ၏ မန်နေးဂျင်း ဒါရိုက်တာဒေါက်တာထွန်းထွန်းဝင်းက အ ခွန်ပေးဆောင်ရ သဖြင့် ရေနံဈေး တိုးမပေးနိုင်ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်တိုင်း ကူညီကြောင်း ရှင်းပြသည်။

၎င်းက “ ကျွန်တော်တို့မှာလည်း အခွန်တွေ ဆောင်ရလို့ ရေနံဈေးကို တိုးမပေးနိုင်ဘူး။ မီးလောင်မှု ဖြစ်တဲ့ ကိစ္စဖြစ်တိုင်းလည်း အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ တာဝန်မယူဘူးဆိုတာကတော့ လုပ်ကွက်ပိုင်တဲ့ သူတွေပဲ တာဝန်ခံရမှာလေ ” ဟု ပြောသည်။

ရွှေရာသီ ကုမ္မဏီသည် ပိုင်ဆိုင်သည့် လုပ်ကွက်များအား လုပ်ငန်းရှင်များထံမှ တလလျှင် စလစ်ဈေး သုံးသိန်းဖြင့်ပြန်လည်အဌားချထား ပေး ခြင်း ဖြစ်ကြောင်း ကုမ္မဏီမှ ပြောသည်။

ရွှေရာသီကုမ္မဏီမှ ရေနံ တပေပါလျှင် ရှစ်သောင်းခွဲဟု ဈေးသတ်မှတ်ကာ မှောင်ခိုရေနံ ဝယ်သူများမှ တသိန်း တသောင်းအထိ ဈေးသတ်မှတ် ပေးကြောင်း လုပ်ကွက်အဌားပိုင်ရှင်များထံမှ သိရသည်။

ထို့ကြောင့် ရေနံလုပ်ကွက် ပိုင်ရှင် အနည်းစုသည် ကုမ္မဏီသို့ ရေနံမရောင်းပဲ မှောင်ခို ရေနံဝယ်ယူသူများအားရောင်းချကြရာ ကုမ္မဏီ ဘက်မှ လုပ်ကွက်သိမ်း၍ နိုင်ငံတော်ပိုင် စီးပွား ကာကွယ်ရေး ဥပဒေ ပုဒ်မ ၉ ဖြင့် အရေးယူ ဖွင့်ဆိုမှုများ ရှိကြောင်း ကိုယ်တိုင် အရေးယူခံထားရသည့် လုပ်ကွက် အဌားပိုင်ရှင် ကိုစိုးက ပြောသည်။

၎င်းက “ သူတို့က ဆီပေပါကျတော့ အချိန်မှီလာ မသိမ်းဘူး။ အဲဒီတော့ မီးလောင်မှာစိုးလို့ မှောင်ခို လာဝယ်တဲ့ သူတွေကို ရောင်းစားတယ်။ အဲ ဒါကို ရောင်းစားရပါ့မလား ဆိုပြီးတော့ ကျွန်တော့်စလစ်ကို သိမ်းတယ်။ ကျွန်တော့်ကိုနိုင်စီး (၉) နဲ့ တရားဆွဲထားတယ် ” ဟု ပြောသည်။

အဆိုပါ နိုင်ငံတော်ပိုင် စီပွားရေး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၉အရ နိုင်ငံ၏ မြေပေါ်ရေအောက်ရှိ သယံဇာတ များအား နိုင်ငံတော်ကသာ ပိုင် ဆိုင်ကြောင်း ဖွင့်ဆိုထားသည်ပာု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ကပြောသည်။

၎င်းက “ဥပဒေ အရ အစိုးရ က ခွင့် မပြုရင် လုပ်ကိုင် ခွင့်မရှိဘူး။အရေးယူခံရနိုင်ပါတယ်။” ပာု ပြောသည်။

No comments: