Wednesday, February 6, 2013

မြန်မာပြည် လျှပ်စစ်ဓာတ်အားပိုရရေး ကမ္ဘာ့ဘဏ်ကူမည်

နန်းသီရိလွင်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်များတွင် ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်ကြောင်း ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက် တာခရီးစဉ် ရောက်ရှိနေချိန်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရ၀န်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုအဖွဲ့အစည်း များကို တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ကူညီရန် သဘောတူ ညီချက် ရရှိ ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းစုတွေကို တသမတ်တည်း ပေးဝေနိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် ထူထောင်ရေးဟာ မြန်မာနိုင်ငံရဲ့ အ နာဂတ်နဲ့ စီးပွားရေးအလားအ လာတွေကို အကောင်အထည် ဖော်ရာမှာ အလွန်အရေးကြီးပါတယ်။ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ဖြန့်ဖြူးရေး အတွက် လိုအပ်တဲ့ မတည်ငွေနဲ့ အကြီးစားစီမံကိန်းတွေ အကောင်အထည် ဖော်ဖို့အတွက် အစိုးရနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်” ဟု ကမ္ဘာ့ဘဏ်အုပ်စု အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌနှင့် CEO ဂျင်ယောင်ချိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေးနှင့် ဘဏ်ပိုင်းဆိုင်ရာ ကိစ္စရပ် များအတွက် အတိုးနှုန်းမပါသော မတည်ငွေ ဒေါ်လာ ၁၆၅ သန်းကို ပံ့ပိုးမည်ဖြစ် ကြောင်း သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ရလာရင် ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမှု လျှော့ချနိုင်ပြီး တခြားသော အခွင့်အလမ်း တွေလည်းဖန်တီး ပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ အက်ဆယ် ဗန်ထရော့စန်ဘတ် က ပြောသည်။

မြန်မာနိုင်ငံတွင် လူ ၄ ဦးလျှင် တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရရှိနေပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လက်ရှိ ဓာတ်အား ပေးဝေမှုနိုင်မှုသည် အမှန်တကယ် လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သာ ပေးဝေနိုင်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း ပိုမိုမြင့်မား လာ ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

ကမ္ဘာ့ဘဏ် အာရှ – ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ နောက်ဆုံး စစ်တမ်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း ထုတ်လုပ်နိုင်မှု GDP ၅. ၅ ရာခိုင်နှုန်းရှိလာပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း ထုတ်လုပ်နိုင်မှု GDP ၆. ၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ GDP တိုးတက် လာသည်နှင့်အမျှလျှပ်စစ်ဓာတ်အားလိုအပ် ချက်သည် မြင့်မားလာနိုင်ကာ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိရေးအ တွက် ဓာတ်အားပေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုမှ အကြံပြုထားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ အစိုးရသစ် တက်လာပြီးနောက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ရာ အိမ်သုံးလျှပ်စစ် မီတာခ တယူနစ်လျှင် ၃၅ ကျပ်၊ လုပ်ငန်းသုံး မီတာခ တယူနစ်လျှင် ၇၅ ကျပ်နှုန်း သတ် မှတ် ကောက်ခံခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒ ထုတ်ဖော်မှုများ ပေါ်ပေါက်ခဲ့သည်။ မြန်မာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် လျှပ်စစ်မီးမရရှိဘဲ တနိုင်တပိုင် ရေအားလျှပ်စစ်များ၊ နေစွမ်းအင်သုံး ဆိုလာပြား များကို အသုံးပြုနေရဆဲ ဖြစ်သည်။

No comments: