Friday, February 15, 2013

ကျောင်းဆရာဆိုတာ လက်ဝေခံတွေလား(ဘူးသီးတောင်မြို့မှ ဆရာတစ်ဦး၏ ရင်ဖွင့်စာ)


ကျွန်တော် ကျောင်းဆရာ တစ်ဦးပါ။ ဆရာ ဆိုတဲ့အတိုင်း အလုပ်စ၀င်တဲ့နေ့က စပြီး ဒီနေ့ထိ သမား ဂုဏ်နဲ့ ညီအောင် နေထိုင်ကျင့်ကြံခဲ့ ပါတယ်။ ခုကျနော် ပြောချင်တာက ဘူးသီးတောင်မြို့ ပညာရေးဝန် ထမ်း တွေခံစား နေရတဲ့ ခံစားချက်တွေကို အားလုံးကိုယ်စားပြောပြချင် တာပါ။ ပထမ တစ်ခုက ပညာရေးဝန်ထမ်းတွေရဲ့ လစာ ထုတ်တဲ့ ပုံစံပါ။ လကုန်လို့ ဆရာ/မ တွေလစာထုတ်မယ် ဆိုရင် ကိုယ်တိုင်ထုတ် လို့ မရဘူး၊ ထုတ်စရာ မလို ဘူးပေါ့။

သက်ဆိုင်ရာ ကျောင်းအုပ်တွေက ထုတ်ပါတယ်။ ကျောင်းအုပ်တွေက နေတဆင့် ကျွန်တော်တို့ က ထုတ်ရ ပါတယ်။ ဘူးသီးတောင် မြို့နယ် တစ်ခုလုံး ဆရာ/မ အင်အား က ၁၀၀၀ ကျော်ရှိတော့ ဒီလိုလုပ်တာ ပညာရေး ရုံးအတွက်ရော ၊ ဆရာ/မ တွေအတွက်ပါ အဆင်ပြေပါတယ်။ ဒါက ကိစ္စမရှိပါဘူး။ကိစ္စရှိနေတာက ၀န်ထမ်းတွေ လစာကနေ ရုံးဖြတ်ငွေဆိုပြီး လစဉ် လတိုင်း ဖြတ်တောက်နေတာပါပဲ။ ရုံးဖြတ်ငွေက ပုံမှန် လတိုင်း လိုလို ၃၀၀၀ ဖြတ်ပါတယ်၊ တခါတလေ ၂၀၀၀ ဖြတ်ပါတယ်။ ဘာကြောင့် လတိုင်း ရုံးဖြတ်ငွေဆိုပြီး ဖြတ်နေ ရတာလဲ ဆိုတာ ဆရာ/မ တွေ အားလုံး လို လိုက နားမလည်၊ မကျေနပ်ကြပါဘူး။ ကိုယ်တိုင်လဲ လစာ မထုတ်ရ၊ လစာ ထုတ်လာတဲ့ ကျောင်းအုပ်ကို မေးကြည့်ပြန် တော့ လဲ သူပြောနိုင်တာက ဒါက ပညာရေး စာစောင်ဖိုး၊ ဒါက ပြက္ခဒိန်ဖိုး ဒီလောက် ပါပဲ။ ကျန်တဲ့ ငွေတွေ က ဘာအတွက် ဖြတ်လဲ သူလဲမ သိပါဘူး။တချို့ ဆရာ/မတွေက ရုံးကိုသွားမေးတာ့ ရုံးသုံးငွေ ပါတဲ့။ ပညာရေး ဌာန အကြီးအကဲတွေ လာရင် လုပ်ပေးရတဲ့ ဘာကြေး ညာ ကြေး တွေပါ တဲ့။ ဒါဟာ ဟုတ်ပါသလား။နေပြည်တော်က (သို့) ပြည်နယ်က အကြီးအကဲတွေ လာ ရင် အောက်ခြေ၀န်ထမ်းတွေ ဆီက နေ စရိတ်စခ ကို မျှပြီး ကျခံရတယ်ဆိုတာ ဖြစ်နိုင်ပါသလား။ good governance and clean government ကိုဦးတည် ဖေါ်ဆောင်နေတဲ့မြန်မာ နိုင်ငံ rule တွေကရော ဒီလိုမျိုး ရေးဆွဲ ပြဌန်းထားပါသလား။ တာဝန်နဲ့ နယ်ဆင်းလာတဲ့ အကြီးအကဲ တွေကရော ဒီလိုမျိုး အဖြစ်ကို လက်ခံ နိုင်ပါ့မ လား ။ ရုံးတရုံး အနေနဲ့ ပုံမှန်မဟုတ်တဲ့(စာရင်းမပြနိုင်တဲ)့ တခြား ကုန်ကျစရိတ်တွေ ရှိတယ် ဆိုတာကို ကျွန်တော့် အနေနဲ့ လက်ခံပါ တယ်။

ဒါပေ့မယ့် ရုံးဖြတ်ငွေကို ကျွန်တော့်တို့ တွက်ကြည့်မယ်ဆိုရင် -

ဘူးသီးတောင်တမြို့နယ်လုံး ပညာရေးဝန်ထမ်း(ဆရာ/မ) အင်အားက ၁၀၀၀ ကျော်။ တွက်ရကောင်းအောင် ၁၀၀၀ ပဲထားလိုက်ပါ။ ရုံးဖြတ် ငွေက ပုံမှန် ၃၀၀၀ ဆိုတော့

၁၀၀၀×၃၀၀၀= ၃၀၀၀၀၀၀ ကျပ်(သိန်း ၃၀)

ဘူးသီးတောင်ပညာရေး ရုံးက ရုံးဖြတ်ဖြတ်ငွေ တလကို သိန်း(၃၀) ရနေပါတယ်။ စာစောင်အတွက် ပြက္ခဒိန်အတွက် ကို ၆ သိန်း(၀န်ထမ်း တစ်ယောက်ဖြတ်ငွေကနေ ၆၀၀ ကျပ်)ကို ပယ်လိုက်ပါအုံး ၂၄ သိန်း ကျန်နေပါတယ်။ တလ တလကို (၂၄) သိန်းတောင်ဘယ်နေရာတွေမှာ သုံးနေပါသလဲ။

အဆင်ပြေတဲ့လူတွေအတွက်တော့ ၃၀၀၀ ဆိုတဲ့ပိုက်ဆံ ဟာ ဘာမှလုပ်လို့ မရပေမယ့်၊ တချို့ ၀န်ထမ်းတွေအတွက် ၃၀၀၀ ဆိုတဲ့ ငွေဟာ ၂ ရက်စာ ထမင်းဖိုး ပါ။ဝန်ထမ်း တဦးရဲ့ လစာကို ဖြတ်ချင်သလိုဖြတ်(ခေါင်းစီးအမျိုးမျိုးနဲ့) ၊ လုပ်ချင်သလိုလုပ်ပြီးမှ ရော့ ဒါမင်း ဒီလရမယ့် ဟာပဲ ပုံစံမျိုး ဖြစ်နေတာ ဟာဖြစ်သင့်ပါလား။ ကျောင်းဆရာဘ၀ဆိုတာ ဒီလို လက်ဝေခံပဲလား။ ဒီမိုကရေစီ ကို ဦးတည်နေပါတယ်ဆိုတဲ့ မြန် မာနီုင်ငံ အတွက်ရော ဖြစ်သင့်ပါသလား။

တချိန်က အကြောက်တရားတွေနဲ့ စိုးမိုးနေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ဘူးသီးတောင်က ကျောင်းဆရာ တွေရဲ့ ဘ၀ဟာလဲ အကြောက်တရားတွေနဲ့ လွမ်းမိုးနေဆဲ၊စိုးမိုးနေဆဲပါ။ တစ်ခုခု ပြောလို့ အပေါ်က ဖိလာမှာ ကို ကြောက်ရ ၊ ဟိုဟာကြောက်ရ ဒီဟာ ကြောက်ရနဲ့အများစုသောကျောင်း ဆရာ/မ တွေက အံကြိတ်ပြီး ခံနေခဲ့ကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဘုသွားပြောလို့ ကျောင်းပြောင်းလိုက်ရင်လဲ ဒုက္ခတွေ့မလား။ ဂွင်ဝင်လာတော့ ရိုက်စားနေကြတော့ ၊ သူတို့ ဂွင်ထဲရောက်တိုင်း အရိုက်ခံ၊ အညစ်ခံနေတာ လဲ မနည်းတော့ပါဘူး။ ကိုယ့်ဂွင်နဲ့ ကိုယ်ကိုး။


အထက်အကြီးတွေတောင် ဒီလို ဂွင်လို့ မှတ်နေတဲ့ စိတ်ရှိနေတာ လက်အောက်ဝန်ထမ်းတွေလဲ ဒီစိတ်မျိုး မွေးလာမှာ ပါပဲ။ အဲ့လိုစိတ်ဓါတ်မျိုး ရှိတဲ့လူတွေဆီကနေ မွေး ထုတ်လိုက်တဲ့ တပည့်တွေ ၊ နောက်မျိုးဆက် သစ်တွေ ဘယ်လိုစိတ်ဓါတ် မျိုးတွေ ဖြစ်လာမလဲ ။ဂွင်စိတ်ပဲ ဖြစ်လာ ကြမှာပေါ့။ (ငါ့အဖေက ဂွင်၊ အမေကဂွင် ဆရာကလဲ ဂွင် ဆိုတော့ ငါလဲ ဂွင်ပဲ ဆိုတဲ့ အသိ တွေ ၀င်လာမှာပါပဲ)။ ဒီလို စိတ်ဓါတ်တွေနဲ့ ကျွန် တော်တို့ ချစ်ရတဲ့ ရခိုင်ပြည်နယ်ကို တိုးတက်အောင်လုပ်နိုင်ပါမ လား၊ ကျွန်တော်တို့ မြန်မာနိုင်ငံရော ဒီဂွင် စိတ်နဲ့ တိုးတက် နိုင်ပါ့မ လား။ ရင်လေးစရာပါ။

နောက်ပြီး ကျောင်းဆရာ/မတွေ တော်တော်များများ ကြုံရတဲ့ အဖြစ်ပါ။ လုပ်သက်(၂) နှစ်ပြည်ရင် နှစ်တိုး (၁၀၀၀) ရပါတယ်။ လုပ်သက်(၂) နှစ်ပြည့်တာသာ လအတော်ကြာသွားတယ် နှစ်တိုး (၁၀၀၀) က ပါမလာဘူး။ မြို့နယ် ပညာရေးမှူးရုံးက စီမံ ကို သွားပြောတော့ လုပ်ပေး မယ်ပေါ့။ အတော်ကြာမှ နှစ်တိုးလေး ၁၀၀၀ ကို မျက်နှာမြင်ရတယ်။ ၆ လလောက်ကြာသွားပြီ၊ ၆ လဆိုတော့ ၆ ထောင်ပေါ့ နစ်နာ သွားပြီ။ ဒီလိုမျိုး အဖြစ်တွေက မနည်းပါဘူး။ ဆရာ/မ တွေ ခမျှာ အကြောင်းသိလေတော့ ရှေ့ လ နှစ်တိုး ဆို ဒီလ စကတည်းက ခခယယ နဲ့ သွား သွား ပြောနေရတယ်။ဒါတောင် လကျော်သွားတာက ရှိပါ သေးတယ်။


ရုံးတရုံး အနေနဲ့ ဒိလိုမျိုးတွေကို အတိအကျ လုပ်ပေးသင့်ပါတယ်။ရုံးတရုံးမှာ ဖွဲ့စည်းပုံဆိုတာရှိပြီးသားပါ။ ငွေစာရင်းက ဘာလုပ်၊ စီမံကဘာ လုပ် စသည်ဖြင့်ပေါ့။ ကိုယ့် တာဝန်လေးတော့ ကျေပွန်အောင် လုပ်ပေးသင့် တာပေါ့။ ခုဟာက ဒိကလူကပဲ ကိုယ့်အတွက်မို့လို့လာပြောနေ သလို၊ သူတို့ကပဲ ကိုယ့်အတွက် သီးသန့် ကူညီ ပေးရသလိုလို။ကိုယ့် တာဝန်တော့ ကိုယ်သိသင့်တယ်ပေါ့။ ဒါက ပါးစပ်က ပြောစရာမလို တဲ့ကိစ္စပါ။ ဘူးသီးတောင် ပညာရေး ရုံးနဲ့ ပညာရေး ၀န်ထမ်းတွေကြားမှာ ဒီလို အဆင်မပြေမှုတွေ အများကြီးရှိနေပါတယ်။

ဒီစာကို ကျွန်တော်ရေးသားဒါဟာ ရင်ဖွင့်ရုံသက်သက်ပါ၊ သက်ဆိုင်တဲ့လူတွေ ကျွန်တော့်စာကို ဖတ်မိပြီး သတိ သံဝေဂ အသိတရားရ ရုံပါ။ ကျွန်တော် မတိုင်ချင်- မတော့ ချင်ပါဘူး၊ တစုံတယောက်ကို ဒုက္ခ ရောက်စေချင်တဲ့ စိတ်မရှိပါဘူး။ အားလုံးကို အဆင်ပြေ စေချင်ပါတယ်။ ဒါပေမယ့် ကျောင်းဆရာဆို တာ လက်ဝေခံ မဟုတ်ဘူး ဆိုတာကိုတော သိစေချင်ပါတယ်။



အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့မှကျောင်းဆရာ တစ်ဦး

No comments: