Friday, February 8, 2013

သျှမ်းပြည်အမျိုးသားနေ့၌ SNLD တောင်ကြီးရုံးခွဲ ဖွင့်လှစ်

မွေခေါဝ်

၂၀၁၃ ခု ဖေဖော်ဝါရီ ၇ ရက်နေ့၌ ကျရောက်သည့် ၆၆ နှစ်ပြည့် သျှမ်းပြည်အမျိုးသားနေ့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သျှမ်းပြည်မြို့တော် တောင်ကြီး၌ ရုံးခွဲဖွင့်လှစ် ခဲ့သည်။

“တောင်ကြီး မြို့မရပ်မှာ ဖွင့်တယ်။ တက်ရောက်တာ NLD ၊ တစည၊ ပအိုဝ်း၊ ဓနု၊ အင်း ပါတီစုံပါဘဲ။ လူမှုကွန်ယက်အဖွဲ့အစည်းလည်း တက်တယ်။ နေရာတောင် မလောက်ဘူး” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် ခေါ် စိုင်းနွတ် က ပြောပါသည်။

တောင်ကြီးရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း၊ တက်ရောက်လာသူ များက ဂုဏ်ပြုစကား ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

“SNLD အနေနဲ့တော့ သျှမ်းပြည်အတွက်၊ သျှမ်းတိုင်းရင်းသားအတွက်၊ သျှမ်းပြည်ရှိတိုင်းရင်းသား အားလုံးအတွက် ဒီမိုကရေစီ ပြည့်ပြည့်၀၀ ရရှိဖို့၊ တန်းတူညီတူ ဖြစ်ဖို့ ကြိုးစားနေပါတယ်လို့ သျှမ်း ပြည်နယ်နေ့မှာ သျှမ်းပြည်က ပြည်သူတွေကို ပြောကြားချင်ပါတယ်” လို့ စိုင်းနွတ် က ပြောပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သောကြာနေ့(8/2/2013)၌ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ စနေနေ့၌လည်း လဲချား၌ ရုံးခွဲ သွားရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆိုပါသည်။

No comments: