Monday, July 8, 2013

ဗုဒ္ဓဂါယာ ဗုံးပေါက်မှု အတွင်း မြန်မာရဟန်းတစ်ပါး ဒဏ်ရာရ

ABC

အိန္ဒိယနိုင်ငံ ​ဗိဟား ​ပြည်နယ်ရှိ ​ဗုဒ္ဓဂါယာ ​ဘုရားဝိုင်းအတွင်း ​အသေးစား ​ဗုံးပေါက်မှုဖြစ်ခဲ့ပြီး ​ဗုဒ္ဓသံဃာ ​နှစ်ပါး ​ဒဏ်ရာရခဲ့ပေမယ့် ​သမိုင်းဝင်ဘုရားတော့ ​ပျက်စီးမှု ​မရှိခဲ့ဘူးလို့ ​သိရပါတယ်။

ဗုံးပေါက်မှုကြောင့် ​တိဘက်ပြည်နယ်က ​လားမား ​ရဟန်းတပါးရဲ့ ​ခြေထောက်မှာ ​ဒဏ်ရာရပြီး ​မြန်မာနိုင်ငံက ​သံဃာတော်တစ်ပါးလည်း ​ညာလက်မှာ ​ဒဏ်ရာရခဲ့ပြီး ​ဆေးကုသံမှု ​ခံယူနေတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံအပါအဝင် ​ကမ္ဘာအရပ်ရပ်က ​ဗုဒ္ဓဘာသာဝင်တွေ ​အထွတ်အမြတ်ထားပြီး ​သွားရောက် ​ဘုရားဖူးလေ့ရှိတဲ့ ​ဗုဒ္ဓဂါယာ ​ဘုရားမှာ ​အသေးစား ​ဗုံးကိုးလုံး ​ပေါက်ကွဲခဲ့တာ ​ဖြစ်ပါတယ်။

ဗုံးလေးလုံးကတော့ ​ဘုရားဝိုင်းအတွင်း ​ပေါက်ကွဲခဲ့ပြီး ​သုံးလုံးကတော့ ​Karmapa ​ဘုန်းကြီးကျောင်းမှာ ​ပေါက်ကွဲခဲ့တာဖြစ်ပြီး ​နောက်တလုံးက ​ဗုဒ္ဓမြတ်ရဲ့ ​ဆင်းထုတော် ​တစ်ဆူနားမှာ ​ပေါက်ကွဲပြီး ​နောက်တစ်လုံးကတော့ ​ကမ္ဘာလှည့်ခရီးသည်တွေ ​တင်ဆောင်မယ့် ​ဘတ်စ်ကားနားမှာ ​ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွေ ​အထွတ်အမြတ်ထားရာ ​ဗောဒိညောင်ပင်ကြီးလည်း ​ပျက်စီးမှု ​မရှိခဲ့ဘူးလို့ ​သိရပြီး ​ဒီလို ​ကုလသမဂ္ဂရဲ့ ​ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ​နေရာတစ်ခု ​တိုက်ခိုက်ခံရတဲ့အပေါ် ​အိန္ဒိယနိုင်ငံ ​ဝန်ကြီးချုပ် ​မာမိုဟန်ဆင်းက ​ရှုံ့ချလိုက်ပြီး ​ဘာသာရေးအဆောက်အဦးတွေကို ​တိုက်ခိုက်တာကို ​ဘယ်တော့မှ ​သီးမခံဘူးလို့ ​ပြောလိုက်ပါတယ်။

ဒီကိစ္စကို ​အကြမ်းဖက် ​တိုက်ခိုက်မှုလို့ ​ယူဆထားတဲ့အတွက် ​စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ​ဖွဲ့စည်းပြီး ​စုံစမ်းမှုတွေ ​လုပ်နေပြီလို့ ​အိန္ဒိယရဲအရာရှိက ​ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​တာဝန်ရှိတယ်လို့ ​ဘယ်သူကမှ ​မထွက်ဆိုခဲ့ပေမယ့် ​ဒီလုပ်ရပ်ဟာ ​အိန္ဒိယနိုင်ငံရှိ ​မူဂျာဟီဒင်အဖွဲ့တွေရဲ့ ​လက်ချက်ဖြစ်နိုင်တယ်လို့လည်း ​အိန္ဒိယရဲက ​ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ​အိမ်နီးချင်းဖြစ်တဲ့ ​မြန်မာနိုင်ငံမှာ ​မွတ်စလင်လူမျိုးတွေ ​နှိမ်နင်းခံနေရတာကို ​လက်စားခြေတဲ့အနေနဲ့ ​မူဂျာဟီဒင်အဖွဲ့ဝင် ​မွတ်စလင်စစ်သွေးကြွတွေ ​ဗုဒ္ဓဂါယာကို ​တိုက်ခိုက်နိုင်တယ်လို့ ​အရင်ကတည်းက ​ဘိဟာပြည်နယ် ​ဒေသခံ ​အာဏာပိုင်တွေကို ​သတိပေးမှုတွေ ​လုပ်ခဲ့ပြီးပြီလို့ ​အိန္ဒိယရဲက ​ပြောပါတယ်။

ဒီသတင်းနဲ့ ​ဆက်စပ်ပြီး ​မြန်မာနိုင်ငံမှာ ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာဝင်တွေကြား ​နားလည်မှုပိုမိုရှိလာအောင် ​မွတ်စလင်-ဗုဒ္ဓဘာသာ ​ပညာရှင်များတွေ့ဆုံ ​ဆွေးနွေးရေး ​စကားဝိုင်းပြုလုပ်ဖို့ ​အီရန်နိုင်ငံက ​ကမ်းလှမ်းခဲ့တာကို ​မြန်မာအစိုးရက ​ကြိုဆိုလိုက်ကြောင်းလည်း ​Tehran ​Times ​သတင်းအရ ​သိရပါတယ်။

No comments: