Monday, July 8, 2013

ဗုဒ္ဓဂါယာ ပေါက်ကွဲမှု ၅ ခု ဖြစ်ပွား၊ မြန်မာသံဃာတော် တပါး ထိခိုက်ဒဏ်ရာရ

ကိုပေါက်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂါယာမြို့အနီးရှိ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ မဟာဗောဓိ ညောင်ပင်နှင့် စေတီတော် ပရဝုဏ်အတွင်း တနင်္ဂနွေ နံနက်စောပိုင်းက ပေါက်ကွဲမှုလေးခု ဖြစ်ပွားခဲ့၍ မြန်မာ သံဃာတော်တပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

မဟာဗောဓိ ညောင်ပင်ခြေရင်းတွင် နံနက် ၅ နာရီခွဲခန့်က ပထမဆုံး ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး သုံးမိနစ်ခန့်အကြာတွင် အနိမိသ (ဒုတိယ သတ္တာဟ)တွင် တလုံးထပ်မံပေါက်ကွဲခဲ့သည်။ ထို့နောက် ငါးမိနစ်ခန့်အကြာတွင် ညောင်ပင်ရင်းတွင်ပင် တတိယဗုံး ပေါက်ကွဲခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် ဆီမီးပူဇော်ရာနေရာ၌ စတုတ္ထဗုံး ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲနေစဉ် မဟာဗောဓိစေတီတော်သို့ ဖူးမြော်ရန် ရောက်ရှိနေသော အရှင်ပညာစက္က က အမိန့်ရှိသည်။

“ပထမအလုံး စကွဲတော့ ဦးဇင်းက ဖိနပ်ချွတ်မှာ ရောက်နေတာ။ ကွဲကွဲချင်း လျှပ်စစ်ပြဿနာတခုခုဖြစ်တယ်မှတ်နေတာ။ မကြာဘူး တလုံး ထပ်ပေါက်ပြန်ရော။ လူတွေ သံဃာတွေလည်း ပြေးတက်လာတာ
တွေ့တော့ ဗုံးဆိုတာ သေချာသွားပြီ။ ခဏကြာတော့ ဒဏ်ရာရသွားတဲ့ ကိုယ်တော်ကို တွဲတက်လာကြတယ်”
ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ ဦးပညာစက္က က မဇ္ဈိမကို မိန့်ကြားသည်။

ဆက်လက်၍ တိဘက်ဗုဒ္ဓဘာသာကျောင်းတွင် ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားခဲ့သည်။ ထို့ပြင် မပေါက်ကွဲသေးသော ဗုံးများကို တိဘက်ကျောင်းတွင်ပင် နှစ်လုံး၊ ထိုင်းကျောင်းတွင် တလုံးနှင့် ဉာဏ်တော် ပေ ၈၀ ရှိ ဂျပန် ရုပ်ပွားတော်ကြီးတွင် တလုံး ရှာဖွေတွေ့ရှိခဲ့ရကြောင်း ပညာသင်ကြားနေသော သံဃာတော်များက အမိန့်ရှိသည်။

“စုစုပေါင်း ကိုးလုံး ပေါ့” ဟု ဦးပညာစက္က က ဆက်လက်မိန့်ကြားသည်။

မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့သော ပထမဗုံးနှင့် တတိယဗုံးများကြောင့် ဒဏ်ရာရရှိခဲ့သော ဦးဝိလာသဂ္ဂ နှင့် တိဘက်လူမျိုးတဦးအား ဂါယာမြို့ရှိ Gaya Medical College ဆေးရုံကြီးတွင်ဆေးဝါးကုသပေးနေကြောင်း လူမမာ စောင့်ရှောက်ပေးနေသူ ဦးအရုဏ က အမိန့်ရှိသည်။

“မျက်နှာမှာ ထိတယ်။ မျက်လုံးက ရာနှုန်းပြည့် ဖွင့်မရသေးဘူး။ သတိရနေပါတယ်။ ဓာတ်မှန်တွေ၊ အာထရာဆောင်းတွေ သုံးကြိမ်လောက် စစ်ဆေးပြီး အတွင်းကလီစာ ထိခိုက်မှု မရှိဘူးလို့ လွန်ခဲ့တဲ့ မိနစ် ၂၀ လောက်က ဆရာဝန်ကြီးက ပြောသွားတယ်။ စိုးရိမ်ရတဲ့ အနေအထား မရှိဘူးလို့ သိရတယ်” ဟု မိန့်ကြားသည်။

မြင်းခြံမြို့နယ်မှ သီရိလင်္ကာ နိုင်ငံမှတဆင့် PhD ဆက်လက်ပညာသင်ကြားရန် ရောက်ရှိနေသော သက်တော် ၂၉ ခန့်ရှိ ဦးဝိလာသဂ္ဂ မှာ iPad ဖြင့် ပဋ္ဌာန်းရွတ်ဖတ် သရဇ္ဇါယ်နေစဉ် ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် မျက်နှာ၊ လက်နှစ်ဖက်၊ ရင်ဘတ်နှင့် ခြေနှစ်ဖက်တွင် ထိခိုက်ဒဏ်ရာရသွားကာ ဆေးရုံ မရောက်မီ နှစ်ကြိမ် သတိလစ်ခဲ့သော်လည်း ယခု သတိပြန်လည်လာကာ ဆရာဝန်များ မေးမြန်းချက်ကို ပြန်လည်ဖြေကြားနိုင်ပြီဟု သိရသည်။

“ရဲက ပေါက်ကွဲမှုကို အားမပြင်းတဲ့ ဗုံးပေါက်ကွဲမှုလို့ ပြောတယ်။ ညောင်ပင်ခြေရှင်းမှာဆို သစ်ကိုင်းကျိုးကျ တယ်။ ဘုရား အဆောက်အဦတွေ ကြီးကြီးမားမား ပျက်စီးတာတော့ မရှိဘူး။ သဘာဝ ယုတ္တိအရ စဉ်းစားကြည့်ရင်လည်း ဘုရား ပရဝုဏ်အတွင်းမှာက ဘာ ဓာတုပစ္စည်းမှလည်း ပေါက်ကွဲစရာ မရှိသလို လျှပ်စစ်ကိစ္စဆိုလည်း ဒီနေရာတည်း ကွက်မဖြစ်နိုင်ဘူးလေ” ဟု ဦးအရုဏ က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများအား ပြည်နယ် ဝန်ကြီးချုပ် Nitish Kumar နှင့် တာဝန်ရှိသူများက မနက်ပိုင်းတွင် လာရောက်အားပေးကာ ဆရာဝန်ကြီးများနှင့်လည်း တွေ့ဆုံသွားကြောင်း ဦးအရုဏ က မိန့်ကြားသည်။

မဟာဗောဓိ စေတီတော်သို့ လာရောက်ဖူးမြော်ကြသူများကို X-ray ဖြတ်သန်းမှု၊ ကျား/မ သီးသန့် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသော်လည်း ယခုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ဟု “တကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ပြုရာ မြင့်မြတ်တဲ့ ဒီလိုနေရာမျိုးမှာ လုံခြုံရေးပေါ့ဆမှု၊ စိတ်မချရလို့ပဲ။ ထောက်လှမ်းရေး သတိပေးချက်တွေ ရှိလျက်နဲ့ ဖြစ်ရတယ်။ လုံလောက်တဲ့ လုံခြုံရေး မရှိဘူး။ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်။ သာမန် ကိစ္စတွေ ဖိနပ်ပျောက်တာ၊ ပိုက်ဆံပျောက်တာ၊ ပစ္စည်းပစ္စယျ ခဏခဏ ပျောက်လေ့လည်း ရှိတယ်” ဟု ဆေးရုံတွင် လိုက်ပါစောင့်ရှောက်ပေးနေသော ဦးပညာစက္က က မိန့်ကြားသည်။

ဤဗုံးပေါက်ကွဲမှုများကြောင့် မြန်မာပြည်တွင်း ပဋိပက္ခများ မတိုးပွားလာစေကြောင်းလည်း မာဂဓ တက္ကသိုလ် တွင် ပညာဆည်းပူးနေသော ဦးကုမုဒ္ဒ က သတိပေး မိန့်ကြားသည်။

“အခု ဖြစ်တာက ဗမာပြည်တွင်းက ကိစ္စတွေ ဒီကူးလာတယ်လို့ အပ်ကျမှတ်ကျ ပြောလို့မရဘူး။ မနှစ်ကတည်း က အကြမ်းဖက်မှု ဖြစ်နိုင်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဖော်ထုတ် ဖမ်းမိထားတာတွေ ရှိတယ်။ ခုမှ ထဖြစ်တာရယ် မဟုတ်ဘူးလေ။ နောက်ပြီး ဦးဇင်းတို့ မြန်မာတွေကိုပဲ ဦးတည်လုပ်တာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ဒီမှာ သတင်းသုံး ကျောင်းတက်နေကြတဲ့ ကိုယ်တော်တွေအနေနဲ့ ပြောကြားလိုတာက ဒီကိစ္စနဲ့ပတ် သက်ပြီး ပြည်တွင်းမှာ မလိုလားအပ်တဲ့ ကောလာဟလတွေ၊ မှားယွင်းတဲ့ ကောက်ချက်ဆွဲမှုတွေ မဖြစ်စေချင်ဘူး” ဟု မဇ္ဈိမကို က မိန့်ကြားသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖမ်းဆီးရမိခဲ့သော အကြမ်းဖက်သမားများအား စစ်ဆေးမေးမြန်း ရာမှ အဆိုပါ မဟာဗောဓိ စေတီတော်ကြီးအား ဗုံးခွဲတိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း ထွက်ဆိုခဲ့ကြသည်။

တနင်္ဂနွေ ပဒေသာဗုံးများ ပေါက်ကွဲပြီးနောက် မဟာဗောဓိ စေတီတော် ပရဝုဏ်အား ပိတ်လိုက်ပြီး လုံခြုံရေး ရှာဖွေစစ်ဆေးမှုများ တင်းကြပ်စွာ ချထားကြောင်း စာသင်သား သံဃာတော်များထံမှ သိရှိရသည်။

ဗုဒ္ဓဂါယာ အရပ်မှာ နှစ်စဉ် မြန်မာနိုင်ငံမှ ဘုရားဖူးများ သိန်းနှင့်ချီ၍ လာရောက်ဖူးမြော်ကြသော ဗုဒ္ဓဘာသာ ဝင်တို့၏ အထွတ်အမြတ် နေရာတခု ဖြစ်သည်။ မြန်မာ ဘုရားဖူးများ အများဆုံး လာရောက်ချိန်မှာ နှစ်စဉ်ဆောင်းဦးရာသီများတွင် ဖြစ်ပြီး ယခု ပေါက်ကွဲမှု ဖြစ်ချိန်မှာ ဘုရားဖူး နည်းပါးသည့် အချိန်တွင် ဖြစ်သည်။

No comments: