Thursday, July 11, 2013

လက်ပံတောင်းအစီရင်ခံစာ အကောင်ထည်ဖော်ရေးအဖွဲ့ ဝေဖန်ခံရ

ABC

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​အစီရင်ခံစာ ​ကို ​အကောင်အထည် ​ဖော်ဆောင်ရွက်တဲ့ ​ကော်မတီက ​သူတို့ ​လုပ်ဆောင်နေတာတွေကို ​သတင်းထုတ်ပြန်မှုတွေလုပ်နေပေမယ့် ​လက်ပံတောင်း ​ဒေသခံတွေနဲ့ ​လှုပ်ရှားရေးသမားတွေကတော့ ​ကော်မတီရဲ့ ​လုပ်ဆောင်မှုမှာ ​ထူးခြားလာတာ ​မရှိဘူးလို့ ​ပြောနေကြပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစိမံကိန်းနဲ့ ​ပတ်သက်ပြီး ​ကိုင် ​တွယ် ​ဖြေရှင်းဖို့ ​ဒေါ်အောင်ဆန်းစုကြည် ​ခေါင်းဆောင်တဲ့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင် ​ဖွဲ့စည်း ​ပြီးနောက် ​ကော်မရှင်ကနေ ​အစီရင်ခံစာထုတ်ပြန်ပြီး ​အစီရင်ခံစာကို ​အကောင်အထည်ဖော်ဖို့ ​လုပ်ငန်း ​ကော်မတီတစ်ရပ်ကို ​ဖွဲ့စည်းခဲ့ပါတယ်။အကောင်အထည်ဖော်ဆောင်ရေး ​ကော်မတီက ​၃ ​လ ​အတွင်းမှာ ​လုပ်ငန်း ​တွေကို ​ပွင့်လင်းမြင်သာမှု ​ရှိအောင် ​လုပ်ဆောင်နေတယ်လို့ ​ကော်မတီရဲ့ ​အတွင်း ​ရေးမှူး ​ဦးတင်မြင့် ​က ​ရေဒီယို ​သြစတြေး ​လျကိုပြောပါတယ်။

မနေ့ကပဲလက်ပံတောင်းတောင်စီမံကိန်းနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးရေး ​အကောင်အထည် ​ဖော်ဆောင်ရမဲ့ကော်မတီက ​သတင်းထုတ်ပြန်လိုက်ပါပြီ။ ​အဲဒီသတင်းမှာပါသလိုပဲ ​ကျွန်တော်တွေ ​နိုင်ငံတော်က ​ဖွဲ့စည်းပေးထားတဲ့ ​ဒီ ​အကောင်အထည်ဖော်ရေးကော်မတီရဲ့ ​ဆောင်ရွက်ချက်တွေကို ​ကျွန်တော်တို့က ​အများပြည်သူသိအောင် ​တစ်ပတ်တစ်ကြိမ်၊ ​နှစ်ပတ်တစ်ကြိမ် ​သတင်းတွေ ​ထုတ်ပြန်ပေ့းပါတယ်။ ​တဖက်ကပြောတာလည်းပြောတာ။ ​သို့သော် ​ကျွန်တော်တို့ဘက်ကတော့အားလုံးပွင့်လင်းမြင်သာစွာနဲ့ပဲ ​လုပ်ပါတယ်။ ​ရပ်ရွာဒေသ ​ရပ့်မိရပ်ဖတွေ ​ခေါ်ပြိးတော့မှ ​ကော်မတီတွေ ​ဖွဲ့စည်း ​ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ​အဖွဲ့လေးဖွဲ့ထဲမှာ ​သိမ်းဆည်းနေရာများ ​စစ်ဆေးရေးအဖွဲ့ ​၊ ​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ​၊ ​လူမှုစီးပွားဆိုင်ရာ ​အကောင်ထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ ​၊ ​ဘာသာ ​သာသနာနဲ့ပတ်သက်ပြီးတော့လည်း ​ကျွန်တော်တို့ဆောင်ရွက်ပေးနေတဲ့ ​သာသနိက ​အဆောက်ဦးများ ​ရွေ့ပြောင်းခြင်းနဲ့ ​ပြန်လညတည်ဆောက်ရေးအဖွဲ့ ​ဆိုပြီး ​ဒါတွေဟာ ​လူထုပါပါပြီးပွင့်ပွင့်လင်းလင်း ​လုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ​အကောင်အထည်ဖော်ဆောင်ရေး ​ကော်မတီက ​ဆောက်ရွက်ချက်တွေဟာ ​အရေးကြီး ​လုပ်ငန်း ​ပိုင်းတွေ ​မှာ ​လစ်ဟာ ​ပြီးတော့ ​ထိရောက်မှု ​မရှိဘူးလို့ ​လက်ပံတောင်း ​အရေးလှုပ်ရှား ​သူ ​ကိုဟန်ဝင်းအောင် ​ကပြောပါတယ်။

လက်ပံတောင်းတောင်စုံစမ်းရေး ​ကော်မရှင် ​က ​အကြံညာဏ် ​ပေးထားတာတွေ ​ကို ​သူတို့ ​အနေနဲ့ ​မြန်မြန် ​အကောင်အထည် ​ဖော်ပေးဖို့ ​လိုပါတယ်။ ​၃ ​လ ​ကြာတဲ့အထိ ​သူတို့ ​ဆောင်ရွက် ​နိုင်ခြင်း ​မရှိဘူး။ ​၀မ်ပေါင်နဲ့ ​အစိုးရ ​ချုပ်ထားတဲ့ ​စာချုပ်ကိုလည်း ​ပြည်သူ ​သိအောင် ​ချမပြနိုင်သေးဘူး

ကော်မတီအနေနဲ့ ​လိုအပ်ချက်တွေကို ​မလုပ်ပေးတဲ့အပြင် ​အကူအညီပေးမယ့် ​သူတွေကိုပါ ​ဖမ်းဝရမ်းထုတ်တာတွေ ​လုပ်နေတယ်လို့ ​လက်ပံတောင်း ​ဒေသခံ ​ဆရာတော် ​ဦးအာလောက ​က ​ ရေဒီယို ​သြစတြေးလျကို ​မိန့်ပါတယ်။

စုံစမ်းစစ်ဆေးရေး ​ကော်မရှင် ​အဖြေထွက် ​ပြီးတဲ့ ​နောက်မှာ ​လုပ်ငန်း ​ဖော်ဆောင်ရေး ​ကော်မတီဆိုတာ ​ဖွဲ့ ​ခဲ့ပါတယ်။ ​အဲဒီ ​ဖွဲ့ ​ထားတဲ့အဖွဲ့အစည်းတွေက ​ဒီရွေ့ပြောင်းခံရွာများဖြစ်တဲ့ ​ရွာတွေကိုဒီကနေ့အချိန်ထိ ​တစ်ခေါက်တစ်ခါမှရောက်ရှိလာခြင်းမရှိသေးဘူးဗျ။ ​အဲဒီလိုရောက်ရှိလာခြင်းမရှိသလို ​ရွာဒေသခံများနှင့်လာရောက်ပြီးကူညီတဲ့အဖွဲ့အစည်းတွေကို ​ဖမ်းဝရမ်းထုတ်ခြင်းတွေကိုလည်းပြုလုပ်ထားပါတယ်။ 

မုံရွာခရိုင် ​ဆားလင်းကြီး ​မြို့ ​နယ်အတွင်း ​လက်ပံတောင်းတောင်၊ကြေးစင်တောင်၊ ​စံပယ်တောင် ​ကြေးနီ ​စီမံကိန်း ​နယ်မြေအတွင်း ​ကျေးရွာပေါင်း ​၂၈ ​ရွာက ​ရွာသူ ​ရွာသားတွေ ​စုပေါင်းပြီးတော့ ​ကြုံတွေ့နေရတဲ့ ​အခက်အခဲတွေနဲ့ ​ပတ်သတ်ပြီး ​ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကိုလည်း ​ဇူလိုင်လ ​၈ ​ရက်နေ့က ​ပြုလုပ်ခဲ့ကြပြီး ​စီမံကိန်းရပ်ဆိုင်းပေးဖို့ ​ဆက်လက် ​တောင်းဆိုကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​ဝေစန္ဒာကျော်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: