Wednesday, July 10, 2013

အာရက္ခဖောင်ဒေးရှင်းမှ နိုင်ငံရေးသင်တန်းကို တိုင်းရင်းသား လူငယ်များဖြင့် ဖွင့်လှစ်

မိုးဇော်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ ပြုပြင်ပြောင်းလဲလာမှုအပေါ်မှာ တိုင်းရင်းသားလူငယ်များ အချင်းချင်းကြားတွင် ကွန်ရက်သဖွယ် ဆက်နွယ်မှုရှိစေရန်နှင့် တိုင်းရင်းသား လူငယ်များအား နိုင်ငံရေး အမြင်ကျယ်ပြန့်စေဖို့ကို ရွယ်ရည်၍ အာရက္ခဖောင်ဒေးရှင်းမှ တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးအမြင်ဖွင့် အသိပညာပေးသင်တန်းကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အာရက္ခဖောင်ဒေးရှင်းမှ လူငယ်များအား ယခုတစ်ကြိမ် သင်တန်းပေးခြင်းမှာ လေးကြိမ်မြောက်ဖြစ်သော်လည်း ရခိုင်အပါအ၀င် အခြားတိုင်းရင်းသားပေါင်းစုံနှင့် သင်တန်းပေးခြင်းသည် ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

သင်တန်း၏ ရွယ်ရည်ချက်နှင့်ပတ်သက်၍ အာရက္ခဖောင်ဒေးရှင်း အလုပ်အဖွဲ့ သင်တန်းတာဝန်ခံ ဦးမျိုးကျော်က အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။

" အာရက္ခဖောင်ဒေးရှင်းရဲ့ ရွယ်ရည်ချက်ကိုယ်တိုင်က လူငယ်တွေအပေါ် အရည်အသွေးမြှင့်တင်ပေးသွားမယ်၊ သင်တန်းတွေပေးသွားမယ်၊ ဟောပြောပွဲတွေ ပြုလုပ်ပေးဖို့ရှိပါတယ်။ နောက်တစ်ခုက ဒီနေရာမှ ပြောစရာတခုက ဒီကနေ့ ဗမာနိုင်ငံရေး အခင်းအကျင်းမှာ ရခိုင်ဟာ လူမျိုးတမျိုးအနေနဲ့ ကိုယ်ပဲသီးသန့် နေလို့မရဘူးဆိုတာလည်း ရွယ်ရည်ချက်တစ်ခုပါ။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီးတော့ ကျနော်တို့ဟာ လုပ်ရမယ်။ တိုင်းရင်းသားတွေနဲ့ မိမိတို့ဟာ အမြင်တူရမယ်။ အမြင်တူဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေဟာ ဦးတည်ချက်တစ်ခုကို သွားမယ်ဆိုတဲ့အခါမှာ တိုင်းရင်းသားလူငယ်တွေဟာ အမြင်တူရမယ်လို့ ယုံကြည်ပါတယ်။ နောက်တခါ ကျနော်တို့ တိုင်းရင်းသားလူကြီးတွေ တချို့ပေါ့နော် လက်ရှိနိုင်ငံရေးစက်ဝိုင်း တိုင်းရင်းသားစက်ဝိုင်းထဲမှာ ကျနော်တို့ဟာ အချင်းချင်းဆက်နွယ်ပြီးတော့ လုပ်နိုင်ပေမယ့် အခုလက်ရှိမှာ တိုင်းရင်းသားလူငယ်တွေဟာ တဦးနှင့်တဦး ခင်မင်ရင်းနှီးမှုတွေကအစ အတွေးအခေါ်အယူအဆကအစ အရမ်းကွာဟနေပါတယ်။ ဒီကွာဟချက်တွေကို ကျဉ်းမြောင်းသွားစေချင်လို့ တိုင်းရင်းသားပေါင်းစုံကိုခေါ်ပြီးတော့ နိုင်ငံရေးသတင်းပေးရတာဖြစ်ပါတယ်။ " ဟု ပြောသည်။

အဆိုပါသင်တန်းကို တိုင်းရင်းသား လူမျိုးများ အစုံပါနိုင်အောင် ခေါ်နိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ရခိုင်ပြည်မှလည်း မြို့နယ်အစုံပါနိုင်အောင် ခေါ်နိုင်ခဲ့ခြင်းမရှိကြောင်းကို သင်တန်းတာဝန်ခံ ဦးမျိုးကျော်က ဆက်ပြောသည်။

" အခုသင်တန်းက တိုင်းရင်းသားတွေရဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေကို တာဝန်ပေးပြီးတော့ တိုင်းရင်းသား လူမျိုးတမျိုးဆိုရင် ၂ ယောက်နှုန်းနဲ့ခေါ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့နဲ့ ဆက်စပ်နေတဲ့အဖွဲ့ကိုပဲ ခေါ်လိုက်တဲ့အတွက် လူမျိုးစုံကိုတော့ မခေါ်နိုင်လိုက်ပါ။ ရှမ်းပြည်ဆိုရင်တော့ ရှမ်းလူမျိုးတွေမှာ လူမျိုးစုတွေများတယ် အင်အားလည်းကောင်းတဲ့အတွက်ကြောင့် ပအိုဝ့်တော့၊ ပလောင်တော့ဟာ ဒီသင်တန်းမှာ ပါလာပါတယ်။ ရခိုင်ပြည်မှာကျတော့ မြို့နယ်တွေကိုပဲ တစ်မြို့ကို ၁ ယောက်ခေါ်ပါတယ်။ ဒါပေမယ့် မြို့နယ်စုံကိုတော့ ခေါ်လို့မဖြစ်နိုင်ပါ။ သင်တန်းရဲ့ လက်ခံအား နည်းတဲ့အတွက်ကြောင့်မို့လို့ မြို့နယ် ၉ ခုကိုရွေးပြီးတော့ ခေါ်ထားပါတယ်။ အားလုံးက သင်တန်းသား ၂၃ ဦးဖြစ်ပါတယ်။ ရခိုင်ကတော့ အားလုံး ၁၁ ဦးဖြစ်ပါတယ်။ တိုင်းရင်းသားတွေကတော့ ၁၂ ဦးပေါ့နော်။ " ဟု ပြောသည်။

တိုင်းရင်းသား လူငယ်များကို ခေါ်ယူခဲ့သော ပြည်နယ်များမှာ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ ရှမ်း၊ မွန်တို့ဖြစ်ပြီး ရခိုင်ပြည်အတွင်း၌လည်း မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မြောက်ဦး၊ သံတွဲ၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ တို့မှ သင်တန်းသားများအား ခေါ်ယူခဲ့ကြောင်း သိရသည်။

" အခုလူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ဆီမှာ တိုင်းရင်းသားလူငယ်တွေ အများကြီး လာတက်ကြတယ်။ တချို့ဆိုလို့ရှိရင် ရှမ်းပြည်၊ ချင်းပြည်၊ ပအို့ဝ်၊ ပလောင်၊ ကရင်၊ မွန် စသဖြင့်ပေါ့နော် အားလုံးတိုင်းရင်းသားလူမျိုးတွေဟာ ဒီသင်တန်းကိုတက်ဖို့ လာကြပါတယ်။ ဒီကနေ့ ကျနော်တို့ သင်တန်းကို စပြီးတော့ ဖွင့်တယ်။ စပြီးတော့လည်း ဆွေးနွေးကြပါတယ်။ လူငယ်တွေက တက်တက်ကြွကြွရှိကြပါတယ်။ " ဟု ဦးမျိုးကျော်က ပြောသည်။

သင်တန်း၌ ပို့ချပေးမည့်အကြောင့်နှင့် ပတ်သက်၍ သူက " ကျနော်အနေနဲ့ ဒီလူငယ်တွေကို အပိုင်း ၂ ပိုင်းခွဲပြီးတော့ သင်ပြပို့ချပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအပိုင်း ၂ ပိုင်းလည်းဆိုရင် တချို့တိုင်းရင်းသား လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စားသို့ငြားလည်း သူတို့ဟာ မိမိတိုင်းရင်းသားတွေရဲ့ သမိုင်းကို မသိသလို တဘက်တိုင်းရင်းသားတွေရဲ့ သမိုင်းကိုလည်း မသိကြဘူး။ လူကြီးတွေကလည်း ကိုယ်ပဲ သိပြီးတော့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို လုပ်နေကြပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း Network တွေဆက်ပြီးတော့ အင်အားတရပ်ဖြစ်အောင် ဖန်တီးဖို့ သူတို့မှာ အားနည်းနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီသင်တန်းမှာ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ဟောပြောပို့ချမယ်။ သမိုင်းဆိုင်ရာအချက်အလက်၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ လွတ်မြောက်ကြိုးပမ်းမှုဆိုတဲ့ ကဏ္ဍတွေကို အပိုင်းအပိုင်းနဲ့ ပို့ချပေးသွားမှာဖြစ်ပါတယ်။ " ဟု ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် လူငယ်များနှင့် နိုင်ငံရေး အခင်းအကျင်းကိုပြောပြရမည်ဆိုပါက မြန်မာနိုင်ငံမှာ ရှိနေကြသည့် မြန်မာ့ဒီမိုကရက်တစ်အုပ်စုများက များသာအားဖြင့် ဒီမိုကရေစီတစ်ခုကိုပဲ အဓိကထားပြီး သွားနေသည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း တိုင်းရင်းသားများအနေဖြင့် ဒီမိုကရေစီရရုံနှင့် တိုင်းရင်းသားများ အခွင့်အရေးမှာ ပြည့်စုံဖို့မဟုတ်ကြောင်း၊ တိုင်းရင်းသားများမှာလည်း မူလရှိနေသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ရရှိဖို့လိုအပ်ကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံမှာရှိနေသော တိုင်းရင်းသားများမှာ တန်းတူအခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်များနှင့် ဖန်တီးနိုင်ခွင့်ရှိဖို့ အရေးတကြီးဆုံး လိုအပ်သည့်အကြောင်းနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးမှာ မည်သို့ဖြစ်လာမလဲ စသော အချက်များကိုလည်း ထည့်သွင်းကာ ဤသင်တန်း၌ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဤသင်တန်းမှာ ရခိုင်အပါအ၀င် အခြားသောတိုင်းရင်းသားများမှ လူမျိုးပေါင်းစုံ မပါဝင်နိုင်သော်လည်း နောက်ထပ်ပေးလာမည့် သင်တန်းတွင် အချိုးကျ ခေါ်ယူနိုင်အောင် စီစဉ်ထားပြီး သင်တန်းတစ်ခုပေးမည်ဆိုလျှင် ကုန်ကျစရိတ်က တာဝန်ကြီးသောကြောင့် ဘေးကနေ ကူညီပံ့ပို့ပေးမည့်သူ ရှိမည်ဆိုပါက ယခုပြုလုပ်သည့် သင်တန်းထက်မက ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးသွားမည်ဟု စီစဉ်ထားကြောင်း ဦးမျိုးကျော်က ဆက်လက်ပြောကြားခဲ့သည်။

No comments: