Wednesday, July 10, 2013

စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားသူများကို ကူညီရန် ‘ဂျန်လတာ့နီဖောင်ဒေးရှင်း’ ဖွင့်လှစ်

KNG

ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးသွားသူများအား ကူညီဖေးမရန် ‘ဂျန်လတာ့နီဖောင်ဒေးရှင်း’ (Jan Lata Ni Foundation) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇူလိုင် ၈ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

၎င်းဂျန်လတာ့နီ ဖောင်းဒေးရှင်းကို သိက္ခာတော်ရ ဆရာပလောင့်နော်တောင် (Rev. Palawng Naw Tawng) ကဦးဆောင်ပြီး ခရစ်ယာန်အသင်းတော်ဂိုဏ်းပေါင်းစုံမှ ဓမ္မအမှုတော်ဆောင်အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်ဆရာများမှသိရသည်။

အဆိုပါဖောင်ဒေးရှင်းသည် ကချင်ဒေသတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါချို့ယွင်းသွားကာ ဒုက္ခိတဘ၀ဖြစ်သွားသူများကို အဓိကကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ဖောင်ဒေးရှင်းမှ အခြားကူညီပေးလိုသောအဖွဲ့အစည်းများနှင့် စေတနာရှင်များထံမှလည်း အလှူငွေလက်ခံခြင်း၊ အလှူငွေကောက်ခံခြင်း၊ ရံပုံငွေရှာခြင်းများပြုလုပ်ကာ အထောက်ကူပြုပစ္စည်းများကိုလည်း တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်ဆရာ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အခုမှစဖွဲ့လိုက်တာဆိုတော့ အလုပ်လုပ်ရင်းနဲ့ သူတို့လိုအပ်တာတွေကို လိုသလို ကျွန်တော်တို့ကူညီနိုင်သလောက်ကူညီသွားမယ်။ မိဘပြည်သူများလည်း အလှူငွေတွေ ကူညီနိုင်တဲ့ပစ္စည်းတွေကိုလည်း ပါဝင်ကူညီနိုင်ပါတယ်။ Jan Lata Ni Foundation အဖွဲ့ကိုလည်း အကြံပေးတာတွေ ဆုတောင်းခြင်းတွေနဲ့ ပါဝင်နိုင်ပါတယ်”
ယခုချိန် ဂျန်လတာ့နီ ဖောင်းဒေးရှင်း မှ ပြည်တွင်းစစ်ကြောင့် ထိခိုက်သွားခဲ့သည့် စာရင်းတွင် လူအယောက် ၁၀၀ ခန့်ကောက်ခံရရှိထားပြီး ၎င်းတို့ထဲမှ ၅၀ ကျော် ကိုစတင်တွေ့ဆုံခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဂျန်လတာ့နီဖောင်ဒေးရှင်းမှ ကိုယ်လက်အင်္ဂါချို့တဲ့သူများဟုဆိုရာတွင် မည့်သည့်အခြေအနေထိရောက်ရှိသူများကို သတ်မှတ်မည့်ကိစ္စ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်းသည် ထိရောက်စွာကူညီရန်နှင့် ဌာနများတိုးချဲ့သွားရန် ၄င်းတို့ကိုစိတ်ဝင်စားသည့် အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ လုပ်ငန်းများတိုးချဲ့သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလို အသင်းတော်များမှလူငယ်များနှင့် သိက္ခာတော်ရဆရာများပါဝင်၍ ဖွဲ့စည်းလိုက်ခြင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အားရ ထောက်ခံကြောင်း အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ် (Rev. Dr. Hkalam Sam Sun) ပြောသည်။

“ဒီအလုပ်က ကျွန်တော်တို့အားလုံး လုပ်ရမယ့်အလုပ်ဟုတ်တယ်။ အခုက လူငယ်တွေလည်း ကိုယ်စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေမှာ ကူညီနိုင်တဲ့သူတွေ အရမ်းများလာပြီ။ ကူညီတဲ့အဖွဲ့အစည်းတွေ အရမ်းများလာတာတော့ ဒီလိုဖွဲ့စည်းပြီးလုပ်တာဟာ အရမ်းကောင်းတယ်လို့မြင်ပါတယ်” ဟု ဆိုသည်။

ဂျန်လတာ့နီ ဖောင်ဒေးရှင်း “Jan Lata Ni Foundation” ကို ခရစ်ယာန်အသင်းတော်များတွင် ပထမဆုံးကြိမ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စီတာပူ ကျေးရွာ နောင်ရာ (Nau Ra) ရပ်ကွက်တွင် ကချင်ခရစ်ယာန်အသင်းတော်ဂိုဏ်းပေါင်းစုံမှ ဓမ္မအမှုတော်ဆောင်များ၊ လူငယ်များ၊ ဒေသခံများ ၁၀၀ ကျော်ဖြင့် ယမန်နေ့ပြုလုပ်ခဲ့သည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ၂ နှစ် ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် လက်နက်ကြီးဒဏ်နှင့် မြေမြုပ်မှိုင်းပေါက်ကွဲမှုဒဏ်များ၊ တိုက်ပွဲအတွင်း ထိခိုက်မှုအမျိုးမျိုး ရင်ဆိုင်ရသူများတွင် ပြည်သူလူထုအပါဝင် တပ်ဖွဲ့ဝင်များလည်းအများစု ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက် နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ထိုကဲ့သို့ ကချင်စစ်ပွဲကြောင့် ဒုက္ခိတဘ၀ရောက်ရှိသွားသူများအတွက် ထိုင်းနိုင်ငံရောက်ကချင်လူမှုအသိုင်းအ၀ိုင်း (Kachin Community in Thailand) က မှိုင်းဒဏ်ကြောင့် ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူပေါင်း ၄၀ ရှိရာမှ ၇ ဦးအတွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးရန် ရန်ပုံငွေရှာပွဲတခု ပြုလုပ်ခဲ့သည်။

No comments: