Tuesday, July 9, 2013

အစိုးရတပ်ဖွဲ့မှ ကလေး စစ်သားများ ထပ်မံ လွှတ်ပေး

ရွှေဟင်္သာ

မြန်မာ အစိုးရမှ ယနေ့တွင် ကလေးစစ်သား (၄၂) ဦးအား တတိယ အကြိမ် အဖြစ် ထပ်မံ လွှတ်ပေး ခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UN ကိုယ်စားလှယ်အားကိုးကား၍ အယ်ဂျားဇီးယား သတင်း ဌာန၏ ယနေ့ ထုတ်ပြန်သည့် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားပါသည်။

“ကျန်ရှိ နေသေးတဲ့ ကလေး စစ်သားတွေထပ်မံ လွှတ်ပေးနိုင်ဖို့ အတွက် အစိုးရ အပေါ် ဖိအားပေး မှုတွေ တိုးမြုင့် လုပ်ဆောင် သွားဖို့လိုပါတယ်။ ဒါမှလည်း စစ်တပ်ထဲမှာ ကျန်နေတဲ့ ကလေးတွေ လွှတ်ပေးဖို့ အကျိုး ခံစားခွင့်ကိုခံစား ကြရမှာ” ဟု မြန်မာနိုင်ငံ ၏ UN အကြီးအကဲ Mr.Ashok Nigam အပြောအား အယ်ဂျာဇီးရား သတင်းဌာန၌ ဖော်ပြ ထားသည်။

ယနေ့တွင် လွှတ်ပေးလိုက်သည့်၎င်း ကလေးစစ်သား (၄၂) ဦး အနက် (၃၄) ဦးတို့သည် အသက် (၁၈) နှစ်အောက် ကလေးများ ဖြစ်ပြီး ကျန်သူများမှာ အရွယ် မတိုင်ခင် စုဆောင်းခြင်း ခံရသူများ ဖြစ်သည် ဟုလည်း ဖော်ပြ ထားပါသည်။

ယခု တတိယ အကြိမ် အဖြစ် လွှတ်ပေးခြင်းလည်းဖြစ်ကာ ပထမ အကြိမ် အဖြစ် ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာလတွင် အလားတူ ကလေး စစ်သား (၄၂)ဦး လွှတ်ပေးခဲ့ပြီး ဒုတိယ အကြိမ် အဖြစ် ဖေဖော်ဝါရီလတွင် ၂၄ ဦး ထပ်မံ လွှတ်ပေး ခဲ့ပြီးဖြစ်သည်။

ထိုကလေးစစ်သား များသည် ပြီးခဲ့သည့်စစ်အာဏာရှင် အစိုးရ လက်ထက်တွင် အကြောင်း အမျိုးမျိုးကြောင့် ကလေးစစ်သား အဖြစ် အစုဆောင်းခံခဲ့ရသူများ ဖြစ်သည်။ ၂၀၁၀ အစောပိုင်း ကာလများတွင် မြန်မာ အစိုးရသည် အတင်း အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်၍ နာမည်ဆိုးဖြင့် ကျော်ကြားသည့်နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေး သော်လည်း တိုးတက်သည့် လက္ခဏာ ရပ်များ ရှိလာခြင်း အပေါ် နိုင်ငံ များမှ အသိအမှတ် ပြုကြောင်း ပြီးခဲ့သည့် ဇွန်လ ဆန်းပိုင်းတွင်ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ မြို့၌ ကျင်းပသည့် ILO ညီလာခံအားအလုပ်သမား ကိုယ်စားလှယ် အဖြစ် သွားရောက်တက်ရောက် ခဲ့သည့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ချုပ် (AFFM) အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေးက ညီလာခံ တက်ရောက် နေစဉ်၌ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားခဲ့ပါသည်။

ယခုကဲ့သို့ လွှတ်ပေးခြင်းသည်မြန်မာ အစိုးရ အနေဖြင့် စစ်တပ်တွင်း ကလေး စစ်သား အသုံးပြုနေမှုကို လျော့ချခြင်းဖြစ်သလို ကလေးစစ်သား ပပျောက်ရေး အတွက် နိုင်ငံတကာနှင့် သဘောတူ ထားချက်ကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်ဟု ပြသခြင်း ဖြစ်သည် ဟုလည်း ဆိုပါသည်။

မြန်မာ့ တပ်မတော် အရာရှိ များကလည်း လက်ရှိ မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား မည်မျှ ရှိမည်ကို တိတိကျကျ ထုတ်ဖော် ပြောကြားခြင်းမျိုးမရှိသေးပေ။ လွန်ခဲ့သည့် ၂၀၁၀ အစောပိုင်း ကာလများ၌ ကုလသမဂ္ဂနှင့် ILO တို့ ကမူ မြန်မာ့တပ်မတော်၌ ကလေး စစ်သား (၇) သောင်း ခန့် ရှိမည်ဟု ခန့်မှန်း ထားကြသည်။

မြန်မာ့ အစိုးရမှ ၂၀၀၆ ခုနှစ်မှစပြီး မြန်မာ့ တပ်မတော်မှ ကလေးစစ်သား (၅၂၀) ဦးတို့အား လွှတ်ပေး ခဲ့ပြီး ဖြစ်သည်ဟု UNICEF အား ကိုးကား၍ အယ်ဂျားဇီးရား သတင်းတွင် ဖော်ပြ ထားပါသည်။

No comments: