Tuesday, July 9, 2013

အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုပေးရန် သမ္မတနှင့် ကာချုပ်ထံ တောင်းဆို

သိင်္ဂီထွန်း | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃

ဇူလိုင် ၁၉ တွင် ကျရောက်သော အာဇာနည်နေ့တွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် အသံလွှင့် မီဒီယာများက ဥ သြဆွဲသံ ထုတ်လွှင့်ပြီး ငြိမ်သက် ဂုဏ်ပြုမှု ပြုလုပ်ပေးစေလိုကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း အဖွဲ့ ၃၀ က အချက်သုံးချက်ဖြင့် တောင်းဆိုလိုက်သည်။

ယင်းနေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရကာ ကျဆုံးခဲ့သော နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ဥသြဆွဲသံဖြင့် ဂုဏ်ပြုပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထိုတောင်းဆိုချက်တွင် အာဇာနည်နေ့၌ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ရုပ်သံမီဒီယာများမှ အောက်မေ့ဖွယ် ဥသြ ဆွဲသံကို တစ်မိနစ်ကြာ ထုတ်လွှင့်ပေးရေးအတွက် ပြည်ထောင်စု အစိုးရမှ ညွှန်ကြားပေးရန်၊ ဇူလိုင် ၁၈ နှင့် ၁၉ ညများတွင်နိုင်ငံပိုင် မီဒီယာများမှ အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းကို ထုတ်လွှင့်ပေးရန်၊ ဇူလိုင်လ၁၉ရက်တွင် ကျရောက်သော ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌများနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ရန်တို့ ပါဝင်သည်။

ထိုတောင်းဆိုစာကို အရပ်ဘက်အဖွဲ့အစည်း အဖွဲ့၃၀ က သမ္မတဦးသိန်းစိန်၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌ များနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပို့ထားပြီးဖြစ်ကြောင်း အဖြူရောင်တွဲ လက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

ယင်းတောင်းဆိုချက်များကို ဇူလိုင် ၈ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန်ရိပ်သာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖတ်ကြားပြခြင်း ဖြစ်သည်။

“အကယ်၍များ ဥသြဆွဲတာ သူတို့ မဆွဲပေးဘူးဆိုရင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ငြိမ်မယ်။ ဦးညွတ်မယ်။ပြည်သူတွေကိုလည်း ကျွန်တော်တို့လို ဆန္ဒဖြစ်စေချင်ပါတယ်။ ၁၀ နာရီ၃၇မှာ ကိုယ်ရောက် တဲ့နေရာမှာ ကိုယ်ငြိမ်မယ်”ဟုလည်း ကိုဘိုဘိုက ပြောသည်။

ထိုသို့ တောင်းဆိုမှုကို အစိုးရက လုပ်ပေးခြင်း မရှိပါကလည်း ထိုအဖွဲ့များက အာဇာနည်နေ့ကို ဂုဏ်ပြု သော တစ်မိနစ်ခွဲကြာ ဗွီဒီယိုဖိုင်ကို ရိုက်ကူးထားပြီးဖြစ်ရာ ပုဂ္ဂလိက ရုပ်သံမီဒီယာများကို အကူအညီ တေင်းကာ ထုတ်လွှင့်နိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ဦးဆောင်ကာ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကန်တော်ကြီးရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တစ်မိနစ် ငြိမ်သက်စွာ အလေးပြုမည်ဖြစ်သည်။ ထို့ နောက် အာဇာနည်ကုန်းသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ကာ ပန်းစည်းချမည်ဖြစ်ဟုလည်း ထိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဇာနည်နေ့တွင် ဥသြဆွဲကာ ဂုဏ်ပြုခြင်း လုပ်ဆောင်ရန် အစီအစဉ် ရှိမရှိကို သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်က ဇူလိုင်လ ၃ရက်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းသော်လည်း လုပ် ဆောင်ရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြည်သူ့ဆန္ဒ ပြင်းပြပါက လွှတ်တော်က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments: