Friday, July 12, 2013

ဗုဒ္ဓဂါယာဗုံးပေါက်မှုကို ဘန်ကောက်ရောက် သံဃာတော်တွေ ဆန္ဒပြ

ABC

အိန္ဒိယနိုင်ငံ ​ဘိဟားပြည်နယ် ​ဗုဒ္ဓဂါယာရှိ ​မဟာဗောဓိဘုရားကို ​ အကြမ်းဖက်သမားတွေကနေပြီး ​ဗုံးဖောက်ခွဲခဲ့တာကို ​ရှုတ်ချတဲ့အနေနဲ့ ​ထိုင်းနိုင်ငံမှာ ​ပညာသင်ကြားနေကြတဲ့ ​နိုင်ငံတကာ ​စာသင်ရဟန်းသံဃာတော်တွေက ​မနေ့မနက်တုန်းက ​ကုလသမဂ္ဂရုံးနဲ့ ​အိန္ဒိယ ​သံရုံးရှေ့တွေမှာ ​ဆန္ဒပြခဲ့ကြပါတယ်။ ​မဟာဗောဓိဘုရားဝိုင်းအတွင်း ​ဇူလိုင်လ ​၇ ​ရက်နေ့က ​အသေးစား ​ဗုံး ​၁၀ ​လုံး ​ပေါက်ကွဲခဲ့တာ ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ​သံဃာတော်တွေအပါအ၀င် ​မြန်မာ၊ ​အိန္ဒိယ၊ ​သီရိလင်္ကာ၊ ​ဘင်္ဂလားဒေ့ရှ်၊ ​လာအို၊ ​ကမ္ဘောဒီးယား၊ ​တရုတ်၊ ​ဗီယက်နမ် ​စတဲ့ ​နိုင်ငံတွေကနေ ​လာရောက်ပညာသင်ကြားနေတဲ့ ​စာသင်ရဟန်းတွေနဲ့ ​မယ်သီလရှင် ​အပါး ​၂၀၀ ​ခန့်ဟာ ​ဘန်ကောက်မြို့မှာရှိတဲ့ ​ဆနွမ်းမနွန်နေရာမှာ ​စုစည်းခဲ့ကြပြီး ​ကုလသမဂ္ဂရုံးနဲ့ ​အိန္ဒိယ ​သံရုံးရှေ့တွေကို ​ချီတက်လမ်းလျှောက် ​ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို ​ဦးဆောင်သူ ​မဟာချူလာလောင်ကွန်း ​တက္ကသိုလ်က ​သံဃာတစ်ပါးကတော့ ​ဆန္ဒပြရတဲ့ ​ရည်ရွယ်ချက်ကို ​သတင်းထောက်တွေကို ​အခုလို ​မိန့်ကြားပါတယ်။

“အိန္ဒိယနိုင်ငံ ​ဘီဟာပြည်နယ်က ​ဗုဒ္ဓဂါယာမှာရှိတဲ့ ​မဟာဗောဓိ ​စေတီတော်ကြီးကို ​ဒီလိုအကြမ်းဖက် ​ဗုံးခွဲတာနဲ့ ​ပတ်သက်ပြီးတော့ ​အဲဒါကို ​ရပ်တန့်ပေးဖို့၊ ​ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ​ညီမျှတဲ့သဘောတွေ ​ရရှိပြီးတော့ဒီငြိမ်းချမ်းစွာနဲ့ပဲ ​အဆုံးသတ်ဖို့ ​ပြီးတော့ ​မဟာဗောဓိ ​စေတီကြီးမှာ ​လုံခြုံရေးတွေ ​တိုးမြှင့်ပေးဖို့ ​ဒီလိုအကြောင်းတွေ ​တောင်းဆိုရင်းနဲ့ ​ဦးဇင်းတို့ ​ဆန္ဒလာထုတ်ဖော်တာပါ၊ ​ဦးဇင်းတို့ ​တောင်းဆိုတာကတော့ ​Peace ​and ​Harmony ​ပေါ့နော်၊ ​အဲဒါကို ​ဦးဇင်းတို့တောင်းဆိုတယ်၊ ​အိန္ဒိယနိုင်ငံဘုရားဖူးသွားတဲ့သူတွေလည်းပဲ ​ဦးဇင်းတို့ ​လုံလုံခြုံခြုံ ​ဖြစ်စေဖို့ပေါ့နော်၊ ​အထူးအား ​ဖြင့်တော့ ​မဟာဗောစိ ​စေတီတော်ကြီး ​ယဉ်ကျေးမှု ​အမွေအနှစ် ​အဲဒီယဉ်ကျေးမှု ​အမွေအနှစ်ကို ​ဦးဇင်းတို့ ​ပျက်စီးမသွားအောင်စဉ်ဆက်မပြတ် ​ထိန်းသိမ်းပေးဖို့ ​လုံခြုံရေး ​တိုးမြှင့်ပေးဖို့ ​အဲဒါဦးဇင်းတို့ ​တောင်းဆိုတာပါ။”

ငြိမ်းချမ်းရေးရှိကြဖို့အတွက် ​ဘယ်လိုပဲ ​ပြောဆိုနေကြပါစေ ​ဒီလို ​အကြမ်းဖက်မှုတွေ ​ရှိနေသမျှ ​ဖန်တီးနေသမျှ ​ဘယ်တော့မှ ​ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးလို့တည်း ​ဆက်လက် ​မိန့်ကြားပါတယ်။

ဒီဆန္ဒပြပွဲမှာ ​သံဃာတော်တွေက ​ကုလသမဂ္ဂရုံးနဲ့ ​အိန္ဒိယ ​သံရုံးအရာရှိတွေထံကို ​တောင်းဆိုချက် ​စာရွက်စာတမ်းတွေ ​ပေးအပ်ခဲ့ပြီး ​လက်ခံရယူခဲ့တဲ့ ​အိန္ဒိယ ​သံရုံးအရာရှိတွေကတော့ ​မဟာဗောဓိ ​စေတီတော်နေရာကြီးကို ​မိမိတို့မှာလည်း ​ကာကွယ်ဖို့ ​တာဝန်ရှိတယ်လို့ ​ကတိပေးပြောဆိုခဲ့တယ်လို့ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: