Thursday, July 11, 2013

မြန်မာအစိုးရ ကလေးစစ်သား ၄၂ ဦးကို စစ်တပ်မှ နှုတ်ထွက်ခွင့်ပေးလိုက်ပြီ

အောင်ကျော်မိုး

မြန်မာအစိုးရမှ ကလေးစစ်သားအသုံးပြုမှုကို လျှော့ချခြင်းအားဖြင့် အရွယ်မရောက်သေးသည့် စစ်သား ၄၂ ဦးကို ဇူလိုင်လ ၇ ရက်နေ့က မြန်မာစစ်တပ်မှ နှုတ်ထွက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း Aljazeera တွင် ဖော်ပြထားသည်။

" ယနေ့ စစ်တပ်မှ လွတ်ငြိမ်းသွားတဲ့ကလေးတွေနဲ့ သူတို့မိသားစုတွေအတွက် အရမ်းပျော်တယ်ဗျ၊ ဒါပေမဲ့ ကျန်ရှိနေသေးတဲ့ ကလေးတွေ စစ်တပ်မှ နှုတ်ထွက်ခွင့်ရဖို့ ကျွန်တော်တို့ ပိုပြီးကြိုးစားဖို့လိုတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲတစ်ဦးဖြစ်သူ Ashok Nigam က ပြောသည်။

မြန်မာအစိုးရမှာ ကလေးစစ်သားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နှင့် သူတို့ မိသားစုအသိုင်းအ၀ိုင်းနှင့် လျင်မြန်စွာ ပြန်လည် ပေါင်းစည်းနိုင်ရန် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနှင့် ၂၀၁၂ ခုနှစ် သဘောတူညီမှုတစ်ခု ပြုလုပ်ပြီးနောက်ပိုင်း ယခုလို ကလေးစစ်သားလျှော့ချလာခြင်းဖြစ်ကြောင်း VOA မြန်မာပိုင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂနှင့် အဆိုပါသဘောတူညီချက်ကြောင့် ကလေးအယောက် ၅၀၀ ကို စစ်မှုထမ်းခွင့် ပယ်ဖျက်ပေးခြင်းကို ၂၀၁၂ ခုနှစ် အစိုးရ အစီရင်ခံစာများမှာ ဖော်ပြထားကြောင်း၊ အရင်စစ်အစိုးရလက်ထက်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ စွပ်စွဲဝေဖန်ခြင်းကို ခံခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် ယခုအခါ စစ်တပ်တွင်း ကလေးစစ်သား အသုံးပြုမှုလျှော့ချထားသော်လည်း ကလေးစစ်သားများ ကျန်ရှိနေဆဲဖြစ်သည်။ သို့သော် မြန်မာစစ်တပ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကလေးစစ်သား အရေအတွက်များကို မြန်မာအစိုးရမှ ဖော်ပြထားခြင်းမရှိဟု ဆက်လက်ဖော်ပြထားသည်။

No comments: