Monday, July 8, 2013

ဒုသမ္မတ စိုင်းမောက်ခမ်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ ရောက်ရှိ

မောင်အေး

ဒုသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်သည့် အဖွဲ့ တစ်ဖွဲ့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ လာကြောင်း သိရသည်။

ဒုသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်သည့်အဖွဲ့မှာ စစ်ဘက်ဆိုင်ရာ ရဟတ်ယဉ် ၃ စီးဖြင့် ယနေ့နံနက် ၉ နာ ရီခန့်က စစ်တွေမြို့သိုရောက်ရှိလာပြီး သူနှင့်အတူ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သံတမန်များနှင့် ယူအန်အရာရှိတ ချို့လည်း လိုက်ပါလာကြောင်း သိရသည်။

စစ်တွေမြို့တွင် သူတို့အဖွဲ့သည် ပြည်နယ်အစိုးရရုံးအဖွဲ့တွင် တာဝန်ရှိသူများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း မောင်တောမြို့သို့ ထွက်ခွာသွားသည်ဟု သိရသည်။

အဆိုပါ အဖွဲ့သည် နေ့လည် ၂ နာရီခွဲတွင် မောင်တောမြို့ကို ရဟတ်ယာဉ် နှစ်စီးဖြင့်ရောက်ရှိလာဟု ဒေသခံများက ပြောသည်။

“ ရွာကို သူတို့အဖွဲ့ရောက်လာပြီး ရွာတစ်လျှောက်ကို သွားကြည့်တယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ နေရာတချို့ ကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့သူတို့ မောရ၀တီဘက်ကို သွားမယ်လို့သိရတယ်။ ကျွန်တော်တို့ရွာက ဥက္ကဌ လည်း သူတို့နဲ့ပါသွားတယ်။” ဟု မောရ၀တီရွာသားတစ်ဦးက ပြောသည်။

မောင်တောမြို့သို့လည်း ဒုသမ္မတ စိုင်းမောက်ခမ်းနှင့်အဖွဲ့ လာရောက်မည်ဖြစ်သည့်အတွက် မြို့သန့်ရှင်းရေးနှင့် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ထားသည်ဟု မောင်တောမြို့ခံ အမျိုးသမီး တစ်ဦးကပြောသည်။

အလားတူ မင်းပြားနှင့် မြေပုံမြို့နယ်များသို့လည်း ဒုသမ္မတနှင့် အဖွဲ့ သွားရောက်မည်ဟု သိရသည်။

No comments: