Monday, July 8, 2013

မရဘူး ရတယ်

အောင်ချိန်ဘွား

လယ်ယာမြေတွေ သိမ်းခဲ့စဉ်က ဘာဖြစ်သလဲ။ ကုန်ဈေးနှုန်း တက်တာပေါ့။ ဝန်ထမ်းတွေ လစာပေးတုန်းက ဘာဖြစ်သလဲ။ ကုန်ဈေးနှုန်း တက်တာပေါ့။ အမေရိကန်ဒေါ်လာကို Unification ပေါင်းစပ်လဲလှယ်နှုန်း လုပ်လိုက်တုန်းက ဘာဖြစ်သလဲ။ ကုန်ဈေးနှုန်း တက်ခဲ့တာပေါ့။

ကားအိုကားဟောင်း သက်တမ်းလွန်ကားတွေ အပ်နှံစေပြီး၊ ပါမစ်ရုပ်ပေးတာလုပ်တော့ ဘာဖြစ်သလဲ၊ ကုန်ဈေးနှုန်းတက်တာပေါ့။

အနမ့်ဆုံး အာမခံဆန်ဈေးနှုန်း သတ်မှတ်ပြီး အစိုးရက ဆန်ဈေးကြီးပေးဝယ်တယ်။ အရန်ထားရန် ဘာဖြစ်မှာလဲ ကုန်ဈေးနှုန်းတတ်တာပေါ့။

အခုရက်ပိုင်း အမေရိကန်ဒေါ်လာဈေးမြန်မြန်ကြီး ခုန်တက်လာတော့ ဘာဖြစ်သလဲ။ ကုန်ဈေးနှုန်းတက် တာပေါ့။ အနိမ့်ဆုံး လုပ်ခ (လစာ) ကိုတိုးမြှင့်သတ်မှတ်ပေးရင် ဘာဖြစ်မလဲ။ ကုန်ဈေးနှုန်း တက်မှာပဲပေါ့။ ကုန်ဈေးနှုန်းတက်ရင် ဘာဖြစ်မလဲ။ ဆင်းရဲသား လူတန်စားတွေ စားမလောက်၊ ဝတ်မလောက်၊ နေစရာအ တွက် ပေးစရာမလောက်၊ သွားဖို့လာဖို့ခက်ပြီး ပိုမိုကျပ်တည်းဆင်းရဲကြမှာပေါ့။ ဟာဒါဆို၊ နိုင်ငံတော်က
ကြွေးကြော်နေတဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းစဉ်ကြီးကို သွားထိခိုက်ပြီပေါ့။

ဟုတ်တာပေါ့။ မြန်မာပြည်သူတွေ အထူးသဖြင့် စုစုပေါင်းလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်ဒေသနေနဲ့ မြို့ကြီးတွေဆီက လက်လုပ်လက်စားလူတန်းစားတွေဟာ ကုန်ဈေးနှုန်းတက်လာတဲ့ဒဏ်ကို မခံနိုင်ကြဘူး။ ဆင်းရဲကုန်ကြမှာ ဖြစ်တယ်။

ဒါဆို ကုန်ဈေးနှုန်းဒဏ်ကို မခံရအောင်ဘယ်လိုလုပ်မလဲ။ ရှင်းပါတယ်။ ဘာလုပ်လုပ်၊ ဘယ်စီမံချက် လုပ်လုပ်၊ ဘေးထွက်ဆိုးကျိုး၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်တွက်ဆရမယ်။ အဲဒီဆိုးကျိုးတွေကြောင့် ကုန်ဈေးနှုန်း တက်စေနိုင်တယ်ဆိုရင်၊ မတက်စေတဲ့ နည်းလမ်းကိုရှာပြီးလုပ်ရမယ်။ နည်းလမ်းကောင်း ရှာမတွေ့ရင် ကုန်ဈေးနှုန်းတက်စေမယ့် လုပ်ငန်းစဉ် မှန်သမျှ ရှောင်ရှားရမယ်။ ဒါနဲ့ တက်လာတဲ့ကုန်
ဈေးနှုန်းကိုရော၊ မတက်အောင်သို့မဟုတ် ပြန်ကျသွားအောင် လုပ်လို့မရဘူးလား။ မရဘူး၊ ရတယ်။

ဟင် အဖြေကဘာကြီးလဲ။ ဆန့်ကျင်ဘက် နှစ်ခွဖြစ်နေပါလား။ ဟုတ်တယ်။ ဒါက လုပ်တဲ့လူရဲ့ဆန္ဒ၊ မူလစေတနာ၊ စိတ်ရင်းသဘောနဲ့ ခံယူချက်တို့အပေါ် မူတည်တယ်။ မူလစိတ်ရင်းကိုက မမှန်ရင်၊ တကယ်ကျ
စေလိုတဲ့ ဆန္ဒမရှိရင်၊ ဘာလုပ်လုပ် အလကားပဲ။ ကုန်ဈေးနှုန်း ကျစေချင်တဲ့ စေတနာမှမပါတာ။ မရဘူးပေါ့။ မကျဘူးပေါ့။ တက်မှာပဲပေါ့။ မူလစေတနာကိုက ကုန်ဈေးနှုန်း ကျစေချင်တယ်။ ဒီဆန္ဒကပြင်းပြတယ်ဆိုရင်၊ ဆန္ဒာဓိပတိတဲ့။ အဲဒီကျစေချင်တဲ့ ဆန္ဒကိုအထွတ် အထိပ်တင်လိုက်။ ကျအောင်လုပ်ဖို့ ဝိရိယ အစွမ်းကုန် ထည့်လိုက်။ စိတ်ဓာတ်မှန်မှန်နဲ့လုပ်လိုက်။ ဉာဏ်အမြော်အမြင် ထည့်သုံးပြီးလုပ်လိုက်၊ အဲဒီကုန်ဈေးနှုန်းကြီး ကျသွားမှာ၊ ရတယ်။ အဲလိုစိတ်နဲ့ လုပ်ရင်ရတယ်။

ကဲဗျာ ကုန်ဈေးနှုန်းကျစေချင်တဲ့ စေတနာနဲ့၊ ဆန္ဒပြင်းပြင်း လုပ်ပြစမ်းဗျာ၊ ဘယ်လို ဘာတွေလုပ်မလဲ။ လယ်ယာမြေဆိုတာ မြန်မာပြည်ရဲ့ အဓကိထွက်ကုန်ရဲ့ အရင်းအမြစ်။ ကုန်ထုတ်စွမ်းအားမကျအောင် လယ်ယာမြေတွေ လက်လွတ်စပယ် မသိမ်းပိုက်နဲ့။ လယ်ယာထုတ်ကုန်တွေ တိုးတက်လာအောင် မတရား သိမ်းထားတဲ့ လယ်ယာမြေတွေကိုဆိုင်ရာဒေသကမူလပိုင်ရှင် (လုပ်ကိုင်ခွင့်ရှိခဲ့သူ) လက်ထဲအမြန် ပြန်အပ်။ လယ်လုပ်သားတွေ ထွက်မပြေးအောင်အလုပ်တွေပေး။ လယ်သမားတွေ လုပ်ခင်းသာအောင် သွင်းအားစုတွေပံ့ပိုး။ စိုက်စရိတ်ချေးငွေတွေကို အတိုးနည်းနည်း( ၁ရာခိုင်နှုန်းအောက်) နဲ့ ချေးပေး။ လယ်ယာထွက်ကုန်တွေ တိုးတက်များပြားလာတာနဲ့အမျှ ရောင်းလိုအားတက်လာပြီး ဝယ်လိုအားကို ခိုင်းတဲ့အခါကုန်ဈေးနှုန်း ကျမယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေများလာလို့ ဝင်ငွေတိုးမယ်။ စားလောက်မယ်။ ဆင်းရဲမှု လျော့ကျ မယ်။

ဝန်ထမ်းတွေ လစာတိုးပေးမယ်ဆိုရင်၊ အဲဒီတိုးပေးမယ့်လစာတွေ ဘယ်ကရမလဲ။ ဟိုဘက်အိတ်ထဲရအောင် ထည့်ပြီးမှ ဒီဘက်အိတ်ထဲပြောင်းပေးတဲ့ လုပ်နည်းမျိုးရှောင်။ ဓါတ်ဆီတွေဈေးတင်ရောင်း၊ မီတာခတွေ ထပ်မြှင့်ပြီးကောက်ရင် ရတဲ့ငွေနဲ့လစာ တိုးပေးတာတို့ ငွေစက္ကူအသစ်တွေ လှိမ့်ထုတ်ပြီး လစာတိုးပေးတာတို့ မလုပ်နဲ့။ ဓါတ်ဆီဈေးတက်မှတော့။ ကုန်ဈေးနှုန်းတက်ပြီပေါ့။ ငွေတွေလှိမ့်ထုတ်လို့ ငွေကြေးဖောင်းပွမှတော့။ ကုန်ဈေးနှုန်းတက်ပြီပေါ့။ ကုန်ဈေးနှုန်းတက်မှတော့ လစာတိုးပေးခံရတာနဲနဲ၊ ဈေးတက်တာကများများမို့ ဝန်ထမ်းတွေ စားမလောက်တဲ့ ဒုံရင်းပဲ မြန်မြန်ဆိုက်ခဲ့တယ်။

ဒေါ်လာဈေးတက်ရင်၊ သွင်းကုန်မှာ ဈေးတက်လို့၊ ကုန်ဈေးနှုန်းတက်တာကို ခံရတယ်။ ဒါကြောင့် ဒေါ်လာဈေး တက်တာ ဆင်းရဲသားနင်းပြားတွေ ဒုက္ခရောက်တာပဲ အဖတ်တင်တယ်။ သက်တမ်းလွန်ကားတွေ စုပြုံပြီး အပ်ခိုင်း၊ အစားထိုးသွင်းခိုင်းတော့ နိုင်ငံခြားတကာတွေ အများကြီးဝယ်ရရော၊ နိုင်ငံခြားသုံးငွေတွေ အများကြီး ကုန်ရော၊ တိုင်းပြည်က စီးပွားရေး ကျနေရတဲ့အထဲ အသုံးစရိတ်က တက်လာတယ်လေ။ ကားအပိုပစ္စည်းတွေ ပိုတင်သွင်းတာတို့၊ ကားလမ်းတိုးချဲ့ဖို့ ကတ္တရာစတဲ့ ပစ္စည်းတွေ နိုင်ငံခြားကဝယ်ရတာတို့ကြောင့် နိုင်ငံခြားနဲ့ငွေပေးငွေယူရှင်းတမ်းမှာ အရှုံးကြီး ရှုံးပါလေရော။

နဂိုကမှ စီပွားရေးကျဆင်း နေရတအဲ့ ထဲအသုံးစရိတ်တွေ ငွေယိုပေါက်တွေ လျှောက်လုပ်ဘယ်မှာလာပြီး စီးပွားတိုးတက်တော့မှာလဲ။ ဒါကြောင့် အသုံးစရိတ်များတဲ့ကိစ္စ၊ ကုန်ဈေးနှုန်းတက်စေတဲ့ ကိစ္စမျိုး ခုနေခါမှာမလုပ် မိအောင် ရှောင်ရှားနိုင်မှ တော်ကာကျမယ်။ ဘာလုပ်လုပ် နောက်ဆက်တွဲပါလာမယ့် ကုန်ဈေးနှုန်းတက်စေတဲ့ ဆိုးကျိုးကို ကြိုမြင်ဖို့ လိုတယ်လို့ ပြောပါရစေတော့။

No comments: