Saturday, July 27, 2013

အစိုးရနှင့် ပလောင်တပ်ဦး ပထမဆုံးအကြိမ် ဆွေးနွေးတော့မည်

ကွန်းချမ်း

ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လကုန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို၌တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း PSLF ကအတည်ပြု ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မတီဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် PSLF ဘက်မှ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် ဦးဆောင်သည့် နိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်အဖွဲ့မှ ကိုယ်စားလှယ် ၉ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးနှင့် နိုင်ငံရေး ပြဿနာများကို အဓိကထား ဆွေးနွေးသွားမည်ဟု PSLF ခေါင်းဆောင် မိုင်းဘုန်းကျော် က ပြောသည်။

“နှစ်ဦးနှစ်ဘက် ထိတွေ့မှု တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒါကို လက်တွေ့ကျကျ ဘယ်လို လျှော့ချကြမလဲ၊ စစ်အရှိန်တွေ ဘယ်လို လျှော့ချမလဲ။ နောက် UNFC က တင်ပြထားတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကျနော်တို့ ဘယ်လို ဝိုင်းဝန်း လုပ်ဆောင်ကြမလဲ အဲဒါတွေကို အဓိက ဆွေးနွေးဖို့ ကျနော်တို့ ပြင်ဆင်ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ၎င်းတို့ အခြေချ လှုပ်ရှားရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ ဒေသဘက်တွင် အစိုးရတပ် အင်အား တိုးချဲ့ချထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စီစဉ်နေစဉ်မှာပင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်ဟု ဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း ဟောပြောပွဲ ပြုလုပ်နေသည့် PSLF လက်အောက်ခံ (တအာင်း) ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့ ကွတ်ခိုင်မြို့နယ် ကန်ပါဖို ကျေးရွာ၌ တနာရီကျော် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၎င်းပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း TNLA တပ်ရင်း ၁၀၁ နှင့် အစိုးတပ်တို့ မန်တုံမြို့နယ် ပန်းကန် ကျေးရွာအနီးတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ တိုက်ပွဲမှ သေဆုံးဒဏ်ရာရ စာရင်းကို မသိရသေးကြောင်း PSLF ကပြောသည်။

ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကမူ လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဘက် သည်းခံမှုနှင့် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ဆိုသည်။

“အပစ်ရပ် လက်မှတ်ထိုးပြီးတိုင်းလည်း ချက်ချင်းကြီး အပစ်ရပ်သွားတာ မဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ အားလုံးနဲ့တွေ့ဆုံပြီးတော့ အပစ်အခတ် ရပ်စဲရေး လုပ်ဖို့က တလ နှစ်လ အတွင်းမှာ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ကိုင်တွယ်တဲ့ နေရာမှာ အင်မတန် စိတ်ရှည် သည်းခံပြီးတော့ သဘောထားကြီးကြီးနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

PSLF အနေနှင့် ယခုဆွေးနွေးပွဲမှ ရလဒ်ကောင်းများကို မျှော်လင့်ထားပြီး ငြိမ်းချမ်းရေး ရလဒ်ကို ပလောင်ဒေသနေပြည်သူများ ခံစားရလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“တိုက်ပွဲအရှိန်တွေ တတ်နိုင်သလောက်တော့ လျော့သွားမယ်။ ကျနော်တို့ စစ်ဘေးဒဏ် ခံနေရတဲ့ ပြည်သူလူထုက ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ တဖြည်းဖြည်းတော့ ပြည့်စုံလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မိုင်းဘုန်းကျော် က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သော်လည်း ကချင် (KIO/KIA) နှင့် ပလောင် (PSLF/TNLA) တို့မှာ ကျန်ရှိနေဆဲ ဖြစ်သည်။

PSLF သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံဖူးပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်တန့်ခဲ့သည်။

PSLF ကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်ခံ တပ်မတော် ဖြစ်သည့် TNLA ကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းကာ တပ်ရင်း ၇ ရင်းနှင့် တပ်ဖွဲ့ဝင် နှစ်ထောင်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။

No comments: