Saturday, July 20, 2013

မြန်မာ့ သယံဇာတ ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အသစ်ပြုပြင်ရန် လိုအပ်

မိုးဇော်

မြန်မာအစိုးရမှ ဖော်ဆောင်နေသော ရခိုင်ကနေ တရုတ်ကို သယ်ယူမည့် ရွှေဂက်စ်နှင့်ရေနံပိုက်လိုင်း စီမံကိန်းမှာ သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ၊ ၀င်ငွေခွဲဝေ သုံးစွဲမှုဆိုင်ရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဥပဒေဘောင်တွင် ထင်ထင်ရှားရှား အားနည်းနေပြီး မြန်မာ့ သယံဇာတ ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အသစ်ပြုပြင်ရန် လိုအပ်ကြောင်း ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ရက်စွဲဖြင့် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ သဘောထားတစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ ရေးသားထုတ်ဝေသည့် " မြန်မာ့ သဘာဝ သယံဇာတ ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကောင်းမွန်သည့် အစိုးရ အုပ်ချုပ်ရေးစနစ် " အစီရင်ခံစာ စာအုပ်ငယ် မိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သယံဇာတ တူးဖော်မှုလုပ်ငန်း- မြန်မာနိုင်ငံ (Good Govemmence and Extractive Industry in Burma ) အဖွဲ့က လက်ရှိ ဥပဒေများ၊ သဘောတူညီချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံချိန် စံညွှန်းများ လိုအပ်ချက် ရှိမရှိကို ဆန်းစစ်ခဲ့ကြကြောင်း၊ ထို့အပြင် အစီရင်ခံစာအတွက် သုတေသန ပြုလုပ်ခဲ့ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ လူ့အခွင့်အရေး၊ ၀င်ငွေပွင့်လင်းမြင်သာမှုနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုတို့တွင် အဓိက လိုအပ်ချက်များကို တွေ့ရှိခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အုပ်ချုပ်မှုများ ပြင်ဆင်မှုများ မပြီးစီးမီ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များ ရပ်ဆိုင်းထားသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

ရွှေဂက်စ်လုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးဝင်းအောင်က " သဘာဝ သယံဇာတတွေကို တိုင်းပြည်အကျိုးအတွက် သုံးသင့်တယ်။ ထိခိုက်နစ်နာတဲ့ နေရာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ ပတ်ဝန်းကျင်တွေကို ပေးဆပ်ရပြီး လူတစုသာ အကျိုးရှိတာမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့ တိုင်းပြည်ဟာ အတိတ်က အမှားတွေအပေါ်မှာ သင်ခန်းစာ ယူသင့်တယ်။ ဒါပေမယ့် အဲဒါအစား သယံဇာတ တူးဖော်မှုတွေမှာ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်။ ဒါတွေကို ရပ်ဆိုင်းပစ်ရမယ်။ " ဟု ပြောသည်။

လူထု အခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် မြန်မာနိုင်ငံ အစိုးရတို့ အနေဖြင့် အီးအိုင်တီအိုင်ခေါ် သယံဇာတရင်းမြစ် ထုတ်လုပ်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘ၀ထိခိုက်မှုဆိုင်ရာ အကဲဖြတ်စိစစ်မှု (အီးအက်စ်အိုင်အေ)၊ လူ့အခွင့်အရေးနှင့် ဒေသခံများ အကျိုးအမြတ်ခွဲဝေခံစားနိုင်ရေးတို့ကို အကောင်အထည်ဖော်ရာတွင် ညီတူညီမျှ တာဝန်ခံကြရန် လိုအပ်ကြောင်း၊ သို့မှသာ အစိုးရအနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုကို ရရှိနိုင်ရန် မည်သို့ လုပ်ဆောင်သင့်ကြောင်းကို အစီရင်ခံစာတွင် ဆက်လက် အကြံပြုထားသည်။

အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်မှုမှာ လူ့အခွင့်အရေးနှင့် နီးနီးကပ်ကပ် ဆက်စပ်နေပြီး လူ့အခွင့်အရေးမရှိဆိုပါက ကောင်းမွန်သော အုပ်ချုပ်ရေးလည်း အဓိပ္ပါယ်မရှိကြောင်း၊ ထိုအတူ ကောင်းမွန်သော အုပ်ချုပ်ရေး မရှိဘဲနှင့်လည်း လူ့အခွင့်အရေးသည် မရှိနိုင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

" ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတာ နိုင်ငံသားတိုင်း အနေနဲ့ ပါဝင်နိုင်ခွင့်၊ သတင်းရရှိနိုင်ခွင့်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့ဆိုတဲ့ အစိုးရတာဝန်ခံမှုတွေရဲ့ အခြေခံ ဥပဒေ သာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ အလူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ဖို့ တာဝန်ခံတဲ့အနေဖြင့် တူးဖော်ရေး ကုမ္ပဏီတွေကို ရပ်ဆိုင်းထားရမယ်။ " ဟု ပြောသည်။

ရွှေဂက်စ်လုပ်ရှားမှုအဖွဲ့မှ ထုတ်ဝေသည့် အဆိုပါအစီရင်ခံစာ စာအုပ်ငယ်သည် အငြင်းပွားဖွယ်ဖြစ်သော မြန်မာနိုင်ငံရှိ ရွှေဂက်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းပြီးစီးလုချိန်၊ ကမ်းရိုးတန်း သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၃၀ ကို နိုင်ငံခြား ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးမည့် အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လတွင် အခွန်ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သော မြန်မာ့သယံဇာတ အုပ်ချုပ်မှုသည် ကမ္ဘာ့ပေါ်တွင် အညံ့ဆုံးဖြစ်သည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း အထက်ပါ ဓါတ်ငွေ့ လုပ်ကွက်များအား လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပို့မည့် ရွှေဂက်စ်မှာ ယနေ့စတင်ထုတ်ယူပြီဖြစ်ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိုက်လိုင်း၏ ဆက်သွယ်မှုကို ပြီးစီးနိုင်ခြင်းမရှိကြောင်း၊ ထို့သို့ မပြီးစီးသည့်အချိန်ကာလတွင် ထွက်ရှိလာမည့် ရွှေဂက်စ်ကို မြန်မာပြည်တွင်းဈေးကွက်တွင် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း၊ ရွှေဂက်စ်ပိုက်လိုင်းမှာ သြဂတ်စ်နှင့် စက်တင်ဘာလလောက်မှသာ ပြီးနိုင်ခြေရှိပြီး ၄င်းအချိန်မှာသာ တရုတ်နိုင်ငံသို့ ပို့ပေးနိုင်မည်ဟု Myanmar Oil and Gas Enterprise (MOGE) မှ ပြောကြောင်း Mizzima အင်္ဂလိပ်သတင်းပိုင်းတွင် ဖော်ပြထားသည်။

No comments: