Saturday, July 20, 2013

လိုင်ဇာမြို့တွင် မီးမလာတာ ၃ ရက် ရှိနေပြီး ဒေသခံများနှင့် ဒုက္ခသည်များ အခက်ခဲရင်ဆိုင်နေရ

KNG

လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ဒုက္ခသည်စခန်းများတွင် မီးပြတ်သွားသောကြောင့် အထူးသဖြင့် ကလေးနှင့်မိခင်များတွင် ပို၍ခက်ခက်ခဲခဲနေထိုင်ရသည့်အပြင် ဖယောင်းတိုင်မီးဘေးအန္တရာယ်အတွက်လည်း စိုးရိမ်နေရကြောင်း ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ (၄)လ သားကလေးမိခင် ဒေါ်ထုဆိုင်း ကပြောသည်။

“မီးမလာတော့ အရမ်းခက်တယ်။ ကလေးကငယ်၊ ခြင်ကပေါ၊ အကောင်ပလောင်တွေက များတဲ့နေရာ ဆိုတော့ မီးမလာရင်တော်တော်ကို ခက်ခဲနေတာပေါ့။ ညအိပ်ယာထဲထိတောင်ပုရွက်ဆိတ်အကောင်ပလောင်တွေတက်တယ်။ အကောင်တွေဖြုတ်တွေပေါတာ မမြင်ရတော့ ဖယောင်းတိုင်နဲ့ပဲဆိုရင် အရမ်းခက်တယ်။ အခု ကျမတောင် ၂ ရက် ၃ ရက်ပဲ ခက်တာကို တော်တော်ဒုက္ခရောက်နေပြီ။ တခြားနေရာမှာဆို ပိုခက်မှာ။ ကျွန်မတို့ကတော့ သီးသန့်အိမ်ဖြစ်လို့ ထားပါတော့။ ဖယောင်းတိုင် သုံးမယ်ဆိုရင်လည်း အိမ်ဆက်ထားတဲ့သူတွေကတော့ တအိမ်ထောင်ဆို အိမ်ကသေး သေးလေး အိပ်ခန်းကိုပဲ ဧည့်ခန်းပေါင်း လုပ်နေကြတာဆိုတာ တအိမ်မှာ ၃ မိသားစုလောက်နေကြတာနိုင်လွန်ခြင်ထောင်နဲ့ ဖယောင်းတိုင်မီးနဲ့ ကလေးနဲ့ဆို ဘယ်ကိုက်မလဲ စိုးရိမ်ရတယ်။ ကလေးအမေတွေပဲ ပြောနေကြတယ်။ ညမမြင်ရတော့ ကလေးအရမ်းခက်လို့တညလုံး ဓါတ်မီးထွန်းပြီး အိပ်တောင်မအိပ်နိုင်ဘူးလို့လည်း ပြောနေကြတယ်” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။

ယခုချိန် ချောင်းရေများလျှံပြီးရေစီးသန်သောကြောင့် ကလေးများအတွက် အသက်အန္တရာယ်ဖြစ်စေပြီး ဒုက္ခသည် တာဝန်ရှိသူများက စခန်းတွင်းသွားလာမှုများ သတိထားရန်ပြောဆိုထားကြောင်း ဂျေယန့်ဒုက္ခသည် စခန်းက ဒေါ်ထုဆိုင်းဆက်ပြောသည်။

“အခုတလောလည်း မိုးတအားကြီးတယ်။ ကလေးတောင်မျှောပါသွားသေးတယ်လေ။ အဲဒီနောက်ပိုင်းကနေ မီးပြတ်သွား တာ ဇူလိုင်လ ၁၆ ရက်နေ့ လောက်ကစပြီးမိုးကြီး လာတာဖြစ်တယ်။ အဲဒါ ကျမတို့စခန်း ဒီကားလမ်းဖက်မှာရှိတဲ့ ချောင်းရေတွေတောင် ကြီးလာပြီ။ အခုစခန်းတာဝန်ရှိသူတွေက ရေကြီးနိုင်တဲ့ နေရာနားမှာနေတဲ့သူတွေကို သတိနဲ့နေခိုင်းထားကြတယ်။”

လိုင်ဇာမြို့တွင် တည်းခိုနေသော ဧည့်သည်များအတွက်လည်း မီးအခက်ခဲကြောင့် ဆက်သွယ်ရေးနှင့် သန့်စင်မှုများတွင် အခက်ခဲရင်ဆိုင်နေရကြောင်း လိုင်ဇာသို့ရောက်ရှိနေသည့် ရန်ကုန်အခြေစိုက် ကချင်အမျိုးသမီးများငြိမ်းချမ်းရေကွန်ယက် (Kachin Women Peace Network-KWPN) မှ ဒေါ်နန့်ပူ ပြောသည်။

“ရေကြီးလာပြီး အမှိုက်တွေနဲ့ပိတ်နေလို့ ဟိုက်ဒရိုပါဝါ စက်မလည်နိုင်တော့ဘူး။ တချို့ပြောတာကတော့ ၇ ရက်လောက်ကြာမယ် တချို့လည်း ၃၊ ၄ ရက်ကြာမယ်ပြောတယ်။ မနေ့ည လာတာ ၁၀ မိနစ်လောက်ပဲလာပြီး ပြန်ပြတ်သွားတယ်။ မီးမလာတော့ အိမ်သာရေလည်းခက် တကယ့်ကိုဒုက္ခရောက်နေတာ၊ ရေတောင် ကောင်းကောင်း မချိုးရဘူး မီးမလာတော့ ကွန်ပျူတာလည်းသုံးလို့မရဘူး။ ကျွန်မတို့က အီးမဲလ်နဲ့ပဲ ပြောဆိုနေကြတဲ့သူတွေလေ အခု မနေ့က စက်နဲ့ဘက်ထရီ ဖြည့်ပြီးသုံးနေတာ အခုတောင် ဘက်ထရီ ကုန်တော့မယ်။” 


အဆိုပါမီးပြတ်သွားသော ကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ပြုပြင်နေဆဲဖြစ်ပြီး မကြာမီရနိုင်မည်ဟုခန့်မှန်းနေကြောင်း KIO အဖွဲ့ဝင်တဦးပြောသည်။

“ရေလမ်းကြောင်းမှာ သဲတွေပိတ်နေတယ်။ အဲဒါထုတ်နေလို့ပါ။ မုန်လိုင်ခ ချောင်းတံတားက မြောင်းမှာ ရေတွေအမှိုက်တွေ ပိတ်ဆို့နေလို့ အဲဒါရှင်းနေတယ် လို့ကြားပါတယ် သိပ်တော့မကြာတော့ဘူး ထင်ပါတယ်။ ဒီနေ့မဟုတ်ရင်လည်း မနက်ဖြန်တော့ လာမယ်ထင်တယ်။ အရင်ကလည်း အဲလိုမိုးရာသီဆိုရင် ဖြစ်တတ်ပါတယ်။”

မီးပြတ်သောကြောင့် ဒေသခံများနှင့် ဒုက္ခသည်စခန်းများတွင် အခက်ခဲရင်ဆိုင်နေရသော်လည်း အရေးပါသည့် KIO ရုံးများတွင်မူ မီးစက်များထားရှိပြီးဖြစ်သောကြောင့် လုပ်ငန်းအတွက် ထိခိုက်မှုမရှိသေးကြောင်း သိရသည်။

လိုင်ဇာမြို့တွင် ဇူလိုင်လဆန်းပိုင်းမှ မိုးသည်းထန်ပြီး မုန်လိုင်ခ ချောင်း ရေလျှံကာ ရေစီးသန်လာသောကြောင့် မကြာသေးမီက ဂျေယန့်ဒုက္ခသည်စခန်းခိုလှုံနေသည့် မူကြိုကလေးငယ်တဦး ဆော့ကစားရာမှ ရေထဲသို့ မျှောပါနစ်မြုပ်သေဆုံးမှုလည်း ဖြစ်ပွားခဲ့သေးသည်။

ယခင်နှစ်များတွင် လိုင်ဇာမြို့တွင်း မိုးသည်းထန်စွာရွာသွန်းမှုများရှိခဲ့သော်လည်း ယခုနှစ်လောက် ရက်ကြာရှည် မီးပြတ်သွားသည်ထိ ဆိုးရွားမှုမရှိခဲ့ကြောင်း ဒေသခံများပြောသည်။

No comments: