Thursday, July 11, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးကို သာသနာညှိုးနွမ်းအောင်လုပ်မှုဖြင့် တရားစွဲ

မျိုးဇော်လင်း

မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် မြန်မာနိုင်ငံကို သင်္ကန်းဝတ်နဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဇူလိုင် ၉ ရက်နေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ပိုလိုတည်းခိုခန်းမှာ သင်္ကန်းဝတ်နဲ့ သံဃာ ၂ ပါး ရောက်ရှိတည်းခိုပြီး အရပ်ဝတ်နဲ့ ထမင်းထွက်စားတယ်ဆိုတဲ့ သတင်းအရ စစ်ဆေးခဲ့တာပါ။

အသက် ၃၀ နီးပါးအရွယ် ပါစူကျစ်ဘာရနဲ့ အန်တာဘာရုတို့ ၂ ယောက်စလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး မလေးရှားမှာ သွားအလုပ်လုပ်ဖို့ ဘန်ကောက်ကနေတဆင့် ၀င်ရောက်ခဲ့တာကို ရဲက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

စခန်းက ရဲအုပ် အောင်နိုင်မြင့်က ဒီ ၂ ဦးကို ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲသလို မလေးရှားနိုင်ငံကို ပို့ဆောင်ပေးဖို့ စီစဉ်တဲ့ သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်နေ လင်မယားစုံတွဲတတွဲကိုလည်း ဖမ်းဆီးမိပြီး လူကုန်ကူးမှုနဲ့ စွဲဆိုထားတယ်လို့ ရဲအုပ်အောင်နိုင်မြင့်က ပြောပါတယ်။

“အဲဒီ ၂ ယောက်ကနေပြီးတော့မှ အစီအစဉ်ဆွဲပေးတာပေါ့။ သူတို့ ၂ ယောက် စလာတော့ ဘင်္ဂလားဒေ့ရှ်ကနေ လာတယ်။ ထိုင်းမှာ လေယာဉ်ပြောင်းစီးတယ်၊ ရန်ကုန်ကို ၀င်လာတယ်ပေါ့။ အခု သူတို့ ၂ ယောက်ကို စပြီးတော့ ဟိုဟာ (ဖမ်းဆီး) လုပ်လိုက်တယ်၊ မွတ်စလင် ဇနီးမောင်နှံ ၂ ယောက်ကိုလည်း ခေါ်လို့ရပြီး စစ်နေတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၇/ ၃၇၀ နဲ့လေ အရေးယူဖို့ ရှိပါတယ်။ ကျနော်က ဒီအမှုရဲ့ တရားလိုပါ။”


ဒီအမှုဟာ သူတို့မြို့နယ်တွင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး မှုခင်းပညာပေးအစီအစဉ်တွေ လုပ်ပြီး ပြည်သူလူထုကို ချပြသွားမယ်လို့ သူက ပြောဆိုပါတယ်။

No comments: