Thursday, September 19, 2013

ကုလားတန် စီမံကိန်းအရေး တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် အိန်္ဒိယအစိုးရတို့ ဆွေးနွေးမည်

ကြယ်ပြာ

ကုလားတန်စီမံကိန်းအရေး တိုင်းရင်းသား ပါတီခေါင်းဆောင်များနှင့် အိန်္ဒိယအစိုးရတို့ ဆွေးနွေးမည်။ မြန်မာနိုင်ငံ တွင် အိန်္ဒိယနိုင်ငံမှ လုပ်ကိုင်နေသော ကုလားတန်မြစ်စီမံကိန်းကြောင့် ဒေသခံတို့ ကြုံတွေ့ နေရသော အခြေနေ များအား ပြောဆိုရန် ချင်း၊ ရခိုင် တိုင်းရင်းသားပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အိန်္ဒိယအစိုးရတို့ နယူးဒေလီမြို့တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ချင်းအမျိုးသားပါတီဥက္ကဌ၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီဥက္ကဌနှင့် အိန်္ဒိယ-မြန်မာ စီမံကိန်းများအရေး ဆောင်ရွက်နေသော Gender and Development Initiative မှ ဒါရိုက်တာတို့သည် အိန်္ဒိယအစိုးရနှင့် ပါလီမန်မှ အမတ်များအား ယခု လ၂၀ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

“အဓိကကိုတော့ အခုလုပ်နေဆဲဖြစ်တဲ့ ကုလား တန်မြစ်ကြောင်း စီမံကိန်းနဲ့ စစ်တွေက သဘောင်္တွေဆိုက်မယ့် ဆိပ်ကမ်း ဆောက်လုပ်နေတဲ့ အပိုင်းကို ပြောကြမယ်။ ကျနော်ကတော့ အိန်္ဒိယနဲ့ ချင်းပြည်နယ်ကြားက နယ်စပ်ပြဿနာတွေကို ထည့်ပြောသွား မှာပါ”ဟု ဦးဇိုဇမ်းက ပြောသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်က သဘောတူလတ်မှတ်ထိုး၍ ၂၀၁၀ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် အိန်္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၂၁၄ သန်း ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် အိန်္ဒိယမှလာသော ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ခြင်း၊ တန် ၃၀၀ အောက် ကုန်တင်သင်္ဘောများ အိန်္ဒိယနိုင်ငံ မီဇိုရမ်မြို့အထိ သွားနိုင်ရန် ကုလားတန်မြစ်ကြောင်းတလျှောက် သောင်များအား ရှင်းလင်းပြီး ချင်းပြည်နယ် ပလက်ဝမြို့တွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ခြင်းနှင့် မီဇိုရမ်ပြည်နယ်အထိ အဝေးပြေး ကားလမ်း ဖောက်လုပ်ခြင်းတို့ဖြစ်သည်။

"ရခိုင်မှာ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး အိန်္ဒိယအစိုးရက လုပ်ပေးထားတာ ဘာမှမရှိသေးပါဘူး။ ဒီကုလားတန် စီမံကိန်းကြောင့် မြန်မာပြည်အလယ်ပိုင်းရော အိန်္ဒိယရော အကျိုးဖြစ်နိုင်မှာ ဆိုတော့ လူထုကို ပွင့်ပွင့်လင်းလင်း ချပြပေးဖို့ လိုပါတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

နှစ်ဖက်အစိုးရအဖွဲ့အနေဖြင့် ယနေ့အထိ ပြုလုပ်နေဆဲဖြစ်သော အဆိုပါ စီမံကိန်းအား ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အ တွက် တိုင်းရင်းသားပါတီများနှင့် ဒေသခံတို့၏ ကန့်ကွက်မှုများကို ကြုံတွေ့ခဲ့ ရသည်။

ဒေသခံ လူမှုအဖွဲ့စည်းများ စုပေါင်းထားသော ကုလားတန်လှုပ်ရှားမှုအဖွဲ့ ယခုနှစ် ဇွန်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် စီမံကိန်းဒေသများအတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀များကို ထိခိုက်မှုများအား ဖြေရှင်းပေးရန်တောင်းဆို ခဲ့သည်။ ယခုအခါတွင် အိနိ္ဒယအစိုးရအနေဖြင့် စီမံကိန်းများနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုများ၊ဒေသခံများ၏ သဘောထားများကို သိရှိလိုနေကြောင်းနှင့် ချင်းပြည်နယ်တွင်မူ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မူလတန်းကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများကို အိန်္ဒိယအစိုးရက ထောက်ပံ့ပေးထားကြောင်း ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ဆိုသည်။

ကုလားတန်စီမံကိန်းနှင့် ပတ် သက်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအား တိုင်းတာစစ်ဆေးပေးရန်၊ စီမံကိန်းလျော်ကြေးများ ပေး ရာတွင် ထိခိုက်နစ်နာသူများအား လက်ခံနိုင်သော လျော်ကြေးကို ပေးလျော်၍ဒေသတွင်း လူမှုအဖွဲ့အ စည်းများကိုပါ အသိသက်သေအဖြစ် ပါဝင်ခွင့်ပြုရန်နှင့် ကုလားတန်မြစ်ကြောင်းဒေသ သည် ဆင်းရဲနွမ်း ပါးသော ဒေသခံအများစုဖြစ်ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်ပေး ရန်တို့ ကို အိန်္ဒိယအစိုးရထံသို့ ချင်းအမျိုးသားပါတီက ၂၀၁၂ ခုနှစ်က တောင်းဆိုထားခဲ့သေးသည်။ အိန်္ဒိယ အစိုးရ အဖွဲ့နှင့် တွေ့ဆုံရန် မြန်မာအဖွဲ့သည် စက်တင်ဘာ ၁၈ ရက်တွင် သွားရောက်မည်ဖြစ်ပြီး ၂၃ ရက် တွင် မြန်မာပြည်သို့ ပြန်လာမည်ဖြစ်သည်။

No comments: