Thursday, September 19, 2013

နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းကျသူတွေ ဒီလ လွတ်ပေးနိုင်လို့ဆို

ABC

မြန်မာနိုင်ငံမှာ ​မတရားအသင်းဆက်နွယ်မှုနဲ့ ​အကျဉ်းကျခံနေရတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေအပါအဝင် ​နိုင်ငံတော် ​ပုန်ကန်မှု ​ပုဒ်မတွေနဲ့ ​အကျဉ်းကျခံရသူအချို့ ​ဒီလ၊ ​စက်တင်ဘာလအတွင်းမှာ ​ပြန်လည် ​လွတ်မြောက်လာနိုင်တယ်လို့ ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီက ​ပြောဆိုလိုက်ပါတယ်။

သြဂုတ်လကုန်ပိုင်းက ​ပြုလုပ်ခဲ့တဲ့ ​စီစစ်ရေး ​ကော်မတီရဲ့ ​အစည်းအဝေးမှာ ​၁၇(၁)(၂) ​ပုဒ်မတွေ၊ ​အရေးပေါ် ​စီမံချက် ​၅ ​ညနဲ့ ​အခြား ​နိုင်ငံရေး ​ပုဒ်မကြီးတွေကြောင့် ​အကျဉ်းကျခံနေရတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​စာရင်းတွေကို ​သမ္မတကို ​တင်ပြပြီးတဲ့နောက် ​သက်ဆိုင်ရာက ​စီစစ်နေပြီး ​လွှတ်ပေးလေ့ရှိတဲ့အတွက် ​အခုလို ​ခန့်မှန်းပြောဆိုတာ ​ဖြစ်တယ်လို့ ​လက်ကျန် ​နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီဝင် ​နိုင်ငံရေး ​အကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ​ကိုညိုထွန်းက ​ပြောပြပါတယ်။

“၁၇(၁)(၂)က ​မတရား ​အသင်းနဲ့ ​ဆက်သွယ်မှု ​၁၄၄(၁)က ​နိုင်ငံတော် ​ပုန်ကန်မှုနဲ့ ​ဖောက်ခွဲမှုပေါ့။ ​ကျွန်တော်တို့က ​ဒီပုဒ်မ ​ဒီပုဒ်မတွေကို ​ရှာထုတ်ပေးပါဆိုတော့ ​သူတို့ကို ​အကျဉ်းသားစာရင်းတွေကို ​ကြည့်ပြီးတော့ ​ထုတ်နေတယ် ​ခင်ဗျ။ ​ဒီလကုန်လောက်တော့ ​သူတို့ ​အနည်းအကျဉ်း ​လွှတ်ပေးလိမ့်မယ် ​ထင်တယ်။ ​ကျွန်တော်တို့လဲ ​ဒီလဆို ​အစည်းအဝေးမခေါ်သေးဘူးဗျာ။ ​အဲကျတော့ ​ဒီလထဲတော့ ​လွှတ်ပေးလိမ့်မယ်လို့ ​ကျွန်တော် ​ယူဆတာပေါ့။”


ဒီလို ​မတရားအသင်းနဲ့ ​ဆက်နွယ်မှုကြောင့် ​အကျဉ်းကျခံရသူတွေထဲမှာ ​ကရင် ​KNU ​၊ ​ကချင် ​KIA ​အစရှိတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေနဲ့ ​ပက်သက်သူတွေ ​အများစု ​ပါဝင်နေပြီး ​အစိုးရကတော့ ​ဖောက်ခွဲမှုကြောင့် ​လူသေတာမရှိခဲ့ရင် ​လွှတ်ပေးနိုင်ကြောင်း ​ပြောခဲ့တယ်လို့ ​ ကိုညိုထွန်းက ​ဆက်ပြောပါတယ်။

“အစိုးရဘက်က ​ပြောထားတာကလည်း ​ဖောက်ခွဲမှု ​ဖြစ်လို့ ​လူမသေရင်ရတယ်။ ​လူသေရင်တော့ ​သူတို့ ​မတက်နိုင်ဘူးပေါ့။ ​လူသေလို့ ​ရှိရင်တော့ ​၃၀၂ ​ပါ ​ကပ်နေတာကိုး။ ​အခုဟာက ​ကျွန်တော်တို့က ​မူးယစ်ဆေးဝါးမှုတို့ ​လူသတ်မှုတို့ ​မပါတဲ့ ​သူတွေကို ​ကျွန်တော်တို့က ​အဓိက ​ရွေးထုတ်နေရတာ ​အဲဒါ ​ပထမအဆင့်ပေါ့ဗျာ။ ​ဒုတိယ ​အဆင့်ကျတော့မှ ​အဲဒီပုဒ်မတွေ ​ကပ်နေတဲ့သူတွေကို ​ထပ်ပြီး ​ပြောရမှာပေါ့”

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ဇူလိုင်လ ​မိန့်ခွန်းအတွင်းမှာ ​ဒီနှစ်အတွင်း ​နိုင်ငံရေးအကျဉ်းသားတွေ ​အကုန်လွတ်မြောက်သွားဖို့ ​အတွက် ​ဆောင်ရွက်သွားမယ်လို့ ​ကတိပေးပြောကြားခဲ့ပြီး ​မြန်မာအကျဉ်းထောင်တွေမှာတော့ ​နိုင်ငံရေး ​အကျဉ်းသား ​အယောက် ​၁၂၀ ​ကျော် ​ကျန်ရှိသေးပြီး ​အခြား ​နိုင်ငံရေး ​ပုဒ်မတွေနဲ့ ​ပြစ်ဒဏ် ​မကျခံရသေးတဲ့ ​တရားရင်ဆိုင်ဆဲ ​ပုဂ္ဂိုလ်တွေ ​၁၀၀ ​ကျော်ရှိနေတယ်လို့လည်း ​နိုင်ငံရေး ​အကျဉ်းသားဟောင်းအဖွဲ့တွေက ​ပြောကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ ​ထားပါတယ်။

No comments: