Thursday, September 19, 2013

မြန်မာပြည်တွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာ

လင်းသန့်

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် Stimson Center သုတေသန အဖွဲ့က ယခုလအတွင်း အစီရင်ခံစာ တစောင် ထွက်ပေါ် လာခဲ့သည်။

ကမ္ဘာတလွှား ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများအပေါ် လေ့လာ သုတေသန ပြုနေသည့် Stimson Center အဖွဲ့က Chinese Investment in Myanmar: What Lies Ahead ? အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်း အစီရင်ခံစာကို အမေရိကန်နိုင်ငံသူ တရုတ်နွယ်ဖွား သုတေသီ မစ္စ ယွန်ဆွန်(Yun Sun) က ပြုစုခြင်း ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံ ၀န်းကျင် ရှိခဲ့ရာက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်အတွင်း ဒေါ်လာ ၄၀၇ သန်းထိ ကျဆင်းသွားကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI) ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဒေါ်လာ ၂၀ ဘီလျံရှိခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၄.၆ ဘီလျံ အထိ ကျဆင်းလာပြီး လွန်ခဲ့သည့် ဘဏ္ဍာနှစ်က ၁.၄ ဘီလျံသာ ရှိကြောင်း အစီရင်ခံစာက ဆိုသည်။


ယခုကဲ့သို့ ကျဆင်းသွားသည်မှာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၌ စစ်အစိုးရနေရာတွင် အစားထိုး ၀င်ရောက်လာသည့် ပြုပြင် ပြောင်းလဲရေး အစိုးရတက်လာပြီးနောက်ပိုင်း ဖြစ်သည်ဟု ထောက်ပြထားသည်။

သို့သော် International Business Times ၏ ဇူလိုင်လ သတင်းတပုဒ်တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ မြန်မာနိုင်ငံတွင် လာ ရောက် ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၂ ဘီလျံကျော်ထိ ရောက်နေကြောင်း၊ ဇွန်လ ၁ လအတွင်း၌ပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၂၃ သန်း ရှိပြီး အဆိုပါ ပမာဏထဲတွင် ထိုင်းနိုင်ငံမှ ၃၇၉ သန်း ပါဝင်ကြောင်းဖော် ပြထားသည်။

ထို့အပြင် ကဏ္ဍ ၁၄ ခု အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလျက် ရှိရာ စင်ကာပူနိုင်ငံမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၂၃.၆ သန်း၊ ဗြိတိန်မှ ၁၅.၈ သန်း၊ တရုတ်မှ ၄.၁ သန်းနှင့် အိန္ဒိယမှ ၉.၆ သန်း ဟု အဆိုပါသတင်း က ဆိုသည်။

International Business Times ကလည်း မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူမှာ တရုတ်နိုင်ငံဖြစ်ပြီး ၁၄ ဘီလျံ ထက် မနည်း ရှိသည်ဟု ဆိုသည်။

Stimson အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ၃ မျိုးရှိပြီး မြစ်ဆုံ ရေအား လျှပ်စစ် စီမံ ကိန်း၊ လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့် အတိုက်အခံ အင်အားစုများထံသို့ပါ ဂယက်ရိုက်ခတ်သကဲ့သို့ တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် မသေချာ၊ မရေရာသည့် အခြေစိုက်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

လွန်ခဲ့သည့် ၁ နှစ်ကျော်က ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံများ၊ နိုင်ငံရေးပါတီများ အပါအ၀င် နယ်ပယ် အသီးသီးက ကန့်ကွက်မှုကြောင့် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ယာယီ ရပ်ဆိုင်း ထားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့ရာ အစိုးရက အကြမ်းဖက် ဖြိုခွင်း မှုများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။


၎င်းအစီရင်ခံစာအပေါ် တရုတ်အနေဖြင့် သဘောကျ၍ စီမံကိန်းကို ပြင်ဆင်သွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုမှုများရှိသည်။

အလားတူ ချင်းပြည်နယ် အတွင်း အကောင်အထည်ဖော်ရန် စီစဉ်နေသည့် မြွေတာင် ဖားတောင် သတ္တု စီမံကိန်းတွင် တရုတ် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမည်ကို ချင်းပြည်သူများက မလိုလားကြောင်း ချင်းအမျိုးသား ပါတီ(CNP) ၏ အထွေထွေ အတွင်းရေး မှူး ဆလိုင်း ကျဲအို ဘိတ်ထောင် က ဧရာဝတီကို ပြောသည်။

“တရုတ်ကုမ္ပဏီတွေကို မလိုလားတာက ကျနော်တို့ ဒေသကို တရုတ်ရဲ့ အစိတ်အပိုင်း တခုဖြစ်သွားမှာကို စိုးရိမ်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံထဲက တခြားနေရာတွေမှာ ဖြစ်နေတာတွေကို ကြည့်ပြီး ပြောတာပါ”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ပြဿနာများ ဆက်တိုက်ဖြစ်ပေါ် နေပြီး နောက် တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် မရေရာသည့် အခြေစိုက်လာခြင်းလည်း ဖြစ်သည်။

ထို့နောက်ပိုင်း တရုတ်-မြန်မာ ၂ နိုင်ငံကြား ဆက်ဆံရေးများ အေးစက်လာပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ် နှံရန် စွန့်စားမှုကြီးသည့် နေရာဖြစ်လာကြောင်း၊ မြန်မာအစိုးရကလည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ အတွက် ကာကွယ် ရေး အစီအစဉ် ယခုထက်ပို၍ လုပ်ဆောင်နေမှု မရှိသည့်အတွက် စိတ်ပျက်စရာဖြစ်လာကြောင်းလည်း မစ္စ ယွန်ဆွန် ၏ အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုပြီးရလာစေနိုင်ရန် တရုတ်အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ၊ လူမှုရေး လုပ်ငန်းစဉ်များ စသည့် ကူညီမှု အစီအစဉ် ပိုမိုလုပ်ရန် လိုအပ်နေကြောင်းလည်း ယွန်ဆွန်က ပြောဆိုထားသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ အတွေ့အကြုံ သင်ခန်းစာများ ရရှိခဲ့ပြီး ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြန်အသုံးချကြောင်းလည်း သူက ထောက်ပြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ်မှ စက်မှုထွန်းကားသည့် နိုင်ငံသို့ တက်လှမ်းရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းနေသည့် အခြေခံ အဆောက်အအုံ ကဏ္ဍ အပါအ၀င် ကဏ္ဍ အသီးသီးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာလိုအပ်သည်ဟု ယွန် ဆွန်က ဆိုသည်။


ထိုသို့ ကြီးမားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေချိန် မြန်မာနိုင်ငံတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှု လျှော့ချလိုက်ခြင်း သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို မျှော်လင့်မထားသည့် ထိခိုက်မှုများ ရှိနိုင်သည်ဟု အစီရင်ခံစာက ထောက်ပြသည်။

ထို့ကြောင့် တရုတ် ရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာအစိုးရတို့သည် ၂ နိုင်ငံ အကျိုးစီးပွားအတွက် တာဝန်သိ၍ ၂ ဦး ၂ ဖက် အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာစေရေး အတွက် မယုံကြည်မှုများကိုလျှော့ချ၍ အတူလက်တွဲ လုပ်ဆောင် သင့်သည်ဟု မစ္စ ယွန်ဆွန် က အကြံပြုသည်။

သို့သော် အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားဖြေလျှော့ပေးလာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ များ၏ ရင်းနှီးမြှုပ်နှံမှုများ စတင် အခြေချလာကြသည်။

ကိုကာကိုလာ(Coca-Cola.Co)၊ ယူနီလီဗာ (Unilever- LON:ULVR)၊ ဂျီအီး ကုမ္ပဏီ (General Electric) စသည့် ကမ္ဘာ့ ထိပ် တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံလာကြမှုသည် အထင်အရှားဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ယခုနှစ်ဆန်းပိုင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေပြဌာန်း နိုင်ခဲ့သည်။

ထို့အပြင် လွန်ခဲ့သည် လပိုင်းကပင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ နော်ဝေနိုင်ငံမှ တယ်လီနော( Telenor) နှင့် ကာတာနိုင်ငံက အူရီဒူး (Ooredoo) တို့ကလည်း လာရောက် ရင်းနှီးမြှုပ်နှံကြရာ ကုမ္ပဏီကြီးတခုလျှင် ၁၅ ဘီလျံ ထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေသတွင်း အိမ်နီးချင်း နိုင်ငံများအပါအ၀င် အခြား နိုင်ငံများကလည်း လာမည့် ၅ နှစ်တာအတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အလား အလာ ကောင်းများ ရှိနေသည့် ပွင့်လင်းစ မြန်မာ့ဈေးကွက်အပေါ် စိတ်ဝင်စားမှုများလာကာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေ ကြသည်။

စစ်တမ်းများနှင့် သုံးသပ်သူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများ၏ အဓိက စိုးရိမ်မှုများမှာ အဂတိ လိုက် စားမှု ကြီးမားခြင်း၊ ခိုင်မာသည့် ဘဏ်စနစ် အခြေမတည်သေးခြင်း၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ အပါအ၀င် စွမ်းအင် ကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဆိုင်ရာ ကဏ္ဍများ ပါဝင်သည်။

No comments: