Thursday, September 19, 2013

ချင်းပြည်နယ် မြွေတောင်စီမံကိန်း ဖွံ့ဖြိုးရေးထက် နစ်နာမှုများသာ ပိုဖြစ်နိုင်ဟုဆို

ဖိုးစိုးသူ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း တည်ဆောက်မည့် မြွေတောင်-ဖားတောင် နီကယ်သတ္တု စီမံကိန်းသည် ချင်းပြည်နယ် ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက်မှုထက် နစ်နာမှုများသာ ပိုရှိနိုင်လာနိုင်သည်ဟု မြွေတောင် အနီးရှိ ကျေးရွာဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ဒေသမှာက တောင်ယာလုပ်ငန်းခွင်ကို သွားတဲ့အခါဖြစ်ဖြစ် တစ်ယောက်တည်း သွားကြတာတွေ များတယ်။ ဒီစီမံကိန်း ဖြစ်လာမယ်ဆိုရင် ဒေသခံမိန်းကလေးတွေရဲ့ လုံခြုံမှုကိုလည်း စိုးရိမ်ရတယ်။ ဒါ့ကြောင့်ဒေသခံတွေရဲ့ရင်ထဲမှာ ဒီစီမံကိန်းကို မနှစ်သက်ကြပါဘူး”ဟု စီမံကိန်းအနီး ပျဉ်းတောကျေးရွာ အုပ်စုအောင်ကျေးရွာမှ မရွန်အဲမ်ပါရ်က ပြောသည်။

ထိုစီမံကိန်းကြောင့် တောင်ကိုအမှီပြု၍ တောင်ယာစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း စိုက်ပျိုးခြင်း လုပ်ငန်းများ၊ ဒေသခံများ တိုင်းရင်းဆေးမြစ်ရှာကာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်လာနိုင်သည်ဟုမြွေတောင်အနီးရှိ မြလင်းကျေးရွာမှ တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးကြည်လင်းက ပြောသည်။

“ဒီစီမံကိန်းကြောင့် ချင်းပြည်နယ်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ ပျက်စီးပြီး လေထုညစ်ညမ်းမှုတွေ၊သောက်သုံးရေ မသန့်ရှင်းမှုတွေ ဒါတွေကို ဒေသခံတွေ အရင်ခံစားကြရမှာပါ။ ဖွံ့ဖြိုးမှုဆိုတာက သူတို့ စီမံကိန်းဆောင်ရွက်တာ ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ဘာတွေတော့ အရင်ထက်တော့ ကောင်းလာမှာပေါ့။ ပညာရေးတို့၊ စီးပွားရေးတို့အတွက်တော့ ထူးထူးထွေထွေ မမျှော်လင့်မိပါဘူး” ဟု ဦးကြည်လင်းက ပြောသည်။

မြွေတောင်ကိုအမှီပြုကာ လုပ်ကိုင်စားသောက်ကြသော ကျေးရွာပေါင်း၁၄ရွာကျော်၊ လူဦးရေ နှစ်သောင်းကျော် ရှိနေသည်။

ထိုစီမံကိန်းအတွက် စစ်တမ်းကောက် စာရင်းပြုစုနေသည့် GDI မှ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က “ဒေသခံတွေက စီမံကိန်း အကောင်အထည်ဖော်မှာကိုတော့ သိထားကြတယ်။ ဒေသခံတွေအတွက် အကျိုးအမြတ် ခွဲဝေရေးတို့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာမှာကိုတော့ သေသေချာချာနားမလည်ကြဘူး။ ဒီစီမံကိန်း အကောင် အထည်ဖော်ဖြစ်ရင် ဒီဒေသမှာ လူဦးရေတွေ ထပ်တိုးလာမယ်။ နောက်ပြီး အစားအသောက် ရှားပါးမှုတွေလည်းဖြစ်လာနိုင်တယ်”ဟု ဆက်ရှင်းပြသည်။

မြွေတောင်စီမံကိန်း အကောင်အထည်ဖော်ရန် ဒေသခံများအား ပွင့်လင်းမြင်သာရှိစွာ ချပြမှုမရှိသောကြောင့်ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ပိုဖြစ်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုစီမံကိန်းကို တရုတ် Zijin Mining Group နှင့် လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် ၀မ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ Zijin ကုမ္ပဏီ ၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရမြွေတောင်၊ ဖားတောင်စီမံကိန်း၏ အကျိုးအမြတ်ကို ကုမ္ပဏီဘက်က ၈၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး၊ မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်း ရရှိမည်ဟု ဖော်ပြထားသည်။ စီမံကိန်းတည်ရာ နယ်မြေကို ပိုင်ဆိုင်ထားသော ချင်းပြည်နယ်ကို စီမံကိန်းကာလအတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့မည်ဟု ကုမ္ပဏီဘက်က ပြောဆိုထားသည်

No comments: