Sunday, March 30, 2014

သန်းခေါင် စာရင်းတွင် “နီပေါ” အစား “ဂေါ်ရခါး” ဟုသာ ကောက်ယူစေလို

ရန်ပိုင်

မြန်မာပြည်ဖွား ဂေါ်ရခါးလူမျိုးများကို သန်းခေါင်းစာရင်း ကောက်ယူရာမှာ “နီပေါ” လူမျိုးလို့ ပြောင်းလဲထည့်သွင်းရန် ကြိုးစားတာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပရှိ ဂေါ်ရခါးလူမျိုးများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။

သူတို့ဟာ နီပေါနိုင်ငံက လာသူများဖြစ်ပေမယ့်လည်း မြန်မာ့သမိုင်းမှာတော့ ဂေါ်ရခါးဆိုတဲ့ ကောင်းသတင်းနဲ့ ကျော်ကြား ခဲ့တာကြောင့်၊ ဂေါ်ရခါးဆိုတဲ့ လူမျိုးအမည်ကို ဆက်လက် ထိန်းသိမ်းချင်နေတာပါ။

“ဘိုးဘွားတွေကတည်းက ဂေါ်ရခါးအနေနဲ့ လာခဲ့သလို မြန်မာတပ်မတော်မှာ အမှုထမ်းတော့လည်း ဂေါ်ရခါးတပ်ဆိုပြီး သစ္စာရှိစွာ အမှုထမ်းခဲ့တာ။ နီပေါဆိုပြီးပြောင်းရင် နောက်ပိုင်း ကျနော်တို့ရဲ့ ထင်ရှားတဲ့သမိုင်းလက္ခဏာ ပျောက်သွားမှာစိုးရိမ်တယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူ ဓမ္မအဖွဲ့ချုပ် အတွင်းရေးမှူး ကိုလက်ခ်ျမန်းက ဆိုပါတယ်။

ဒါကြောင့်လည်း မကြာသေးမီရက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာနကို ဂေါ်ရခါး ခေါင်းဆောင်တွေ သွားရောက်ပြီး ဂေါ်ရခါးလူမျိုးအဖြစ်သာ ပြောင်းလဲကောက်ခံဖို့ ပြောဆိုမှုတွေ ရှိပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူများကတော့ နီပေါလူမျိုး အဖြစ်သာ ဆက်လက် ထည့်သွင်းဖို့ တိုက်တွန်း ပြောဆိုတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံရောက် ဂေါ်ရခါး လူငယ်အဖွဲ့ချုပ်ကလည်း ပြီးခဲ့တဲ့ ကြာသာပတေးနေ့က နီပေါအစား ဂေါ်ရခါးအဖြစ်သာ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ပြည်သူအင်အားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာတော့ “သန်းခေါင်စာရင်း မကောက်တာ နှစ် ၃၀ ကျော်ပြီ။ အပြောင်းအလဲတွေ အများကြီးရှိနိုင်တဲ့၊ မှတ်တမ်းတင်တဲ့ အနေနဲ့ သူတို့ပြောတဲ့အတိုင်း ရေးပါ၊ ဂေါ်ရခါးရေးလည်း ပြဿနာမရှိပါဘူး” လို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ဆိုတာကတော့ နိုင်ငံရဲ့ လူဦးရေ၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို သိရအောင် စစ်တမ်း ကောက်ခံခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်မှာ နှစ်ကြိမ် ကောက်ခံခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်တော့မှာ ဖြစ်ပါတယ်။

လူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဂေါ်ရခါးလူမျိုးများ ၅ သိန်းနီးပါးခန့်ရှိပြီး၊ ရှမ်းပြည် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ်ဆန်၊ ရှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ကလော၊ လွိုင်လင်၊ နမ်စန်၊ မန္တလေးတိုင်း မိုးကုတ်၊ ပြင်ဦးလွင်တို့မှာ အများဆုံး နေထိုင်ပြီး တခြားသော ဒေသအနှံ့မှာလည်း နေထိုင်ကာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြပါတယ်။

ဟိမ၀န္တာ တောင်တန်းတွေပေါ်က နီပေါနိုင်ငံ နီပါလီ လူမျိုးက ဆင်းသက်လာတဲ့ သူတို့ဟာ မြန်မာနိုင်ငံမှာတော့ ဂေါ်ရခါးလို့ လူသိများပါတယ်။

စစ်တိုက်ခြင်းကို ၀ါသနာထုံသူများဖြစ်ပြီး စစ်သားကောင်းများ ဖြစ်တဲ့အတွက် ဗြိတိသျှ နယ်ချဲ့တွေက ဂေါ်ရခါး တပ်ရင်းတွေ ဖွဲ့ပြီး စစ်မှုထမ်းစေပါတယ်။

မြန်မာနိုင်ငံကို ကိုလိုနီခေတ်ကတည်းက ဂေါ်ရခါးတပ်များ လာရောက် အခြေစိုက်ခဲ့ရာမှ လက်ရှိ မြန်မာပြည်ဖွား ဂေါ်ရခါး လူမျိုးများ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဂေါ်ရခါများ အင်္ဂလန်နဲ့ အိန္ဒိယ၊ နီပေါ စတဲ့နိုင်ငံတွေမှာ ပြောင်းလဲ အခြေချကြပေမယ့်၊ ဂေါ်ရခါး အရာရှိအရာခံ အကြပ်တပ်သားတချို့ကတော့ မြန်မာတပ်မတော်မှာ ဆက်လက် အမှုထမ်းတဲ့အတွက် ဂေါ်ရခါး အမှတ် (၄) ခြေလျင်တပ်ရင်း (4th Gurakha) ကိုဖွဲ့စည်းပေးပါတယ်။

ဂေါ်ရခါးဓားကောက် နှစ်လက် အမှတ်တံဆိပ် တပ်ဆင်ထားတဲ့ ခလရ (၄) ဟာ ပြည်တွင်းစစ်တလျှောက်လုံး၊ တရုတ်ဖြူကျူးကျော် စစ်မှာ ရဲရဲဝံ့ဝံ့ သစ္စာရှိရှိ ပြည်ထောင်စု အစိုးရဘက်က ရပ်တည်ခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်သတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တွေဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ စတဲ့ ဘွဲ့တံဆိပ်တွေကို အများအပြား ရရှိခဲ့သူတွေပါ။

အောင်ဆန်းသူရိယ ဘွဲ့ရ ဆွတ်ဗဟာဒူးရိုင်းလို တပ်သားကအစ ဒုဗိုလ်မှူးကြီး သူရ လက်ခ်ျမန်ရိုင်း၊ ဇေယျကျော်ထင် ဗိုလ်မှူးကြီး တန်ကာဒို့ခ်ျ စတဲ့ သူများဟာ ထင်ရှားပါတယ်။

အလားတူပဲ မြန်မာ့ ဘောလုံးလောကမှာ တချိန်က အာရှမှာ နာမည်ကြီး ဖြစ်ခဲ့တဲ့ ဘောလုံးသမား ဗဟာဒူးဟာလည်း ဂေါ်ရခါး လူမျိုးဖြစ်ပါတယ်။

ဒါကြောင့်လည်း သူတို့ရဲ့ တချိန်က တိုင်းပြည်အပေါ်မှာ ပေးဆပ်ခဲ့လို့ ထင်ရှားတဲ့ ဂေါ်ရခါး ဆိုတဲ့ အမည် ပျောက်သွားမှာကို ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွား ဂေါ်ရခါး အများစုက စိုးရိမ်နေခြင်းဖြစ်ပါတယ်။

No comments: