Saturday, March 29, 2014

အာဆီယံတွင် ဒုတိယအနိမ့်ကျဆုံးဖြစ်သည့် မြန်မာ့ပညာရေးစနစ် အမြန်ဆုံးပြုပြင်ရန်လိုအပ်

ဇာနည်အောင်

ဗဟိုစီမံကိန်းချပညာရေးစနစ်မှ ကျောင်းသားဗဟိုပြုပညာရေးစနစ် ဖြစ်လာမှသာ မြန်မာ့ပညာရေး အဆင့် အတန်းမြင့်မားလာနိုင်မည်ဟုVictorial University collage နာယက ဒေါက်တာနေ၀င်းနိုင်က “ကြိုတင် ပြင်ဆင်-ပညာသင်” ခေါင်းစဉ်ဖြင့် မတ်လ၂၆ ရက်က ကုန်သည်ကြီးများဟိုတယ်၌ပြုလုပ်သည့် ပညာရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

“ကျောင်းသား၊ ကျောင်းသူအများစုဟာ မိမိဝါသနာပါတဲ့ဘာသာရပ်ထက် လူများစုရွေးချယ်သည့် ဘာသာရပ်ကိုပဲ အဓိကထားရွေးချယ်ကြတယ်။ ဒါကလည်း ငယ်စဉ်ကတည်းက အညွန့်ကျိုးနေတဲ့ ပညာရေးစနစ် ကြောင့်ဖြစ်တယ်။ ဒါကြောင့် ကျောင်းသားဗဟိုပြု ပညာရေးစနစ်ဖြစ်လာဖို့ လိုပါပြီ”ဟု ဒေါက်တာနေ၀င်း နိုင်က မဇ္ဈိမကို ပြောသည်။

ကျောင်းသားဗဟိုပြု ပညာရေးစနစ် ဖြစ်ပေါ်ရာတွင် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အဓိက အရေးပါပြီး ဆရာ၊ ဆရာမများကိုယ်တိုင် ကျွမ်းကျင်မှရှိရမည့်အပြင် ဗဟုသုတများစွာ ရှိရမည်ဖြစ် ပြီး လက်တွေ့ထိရာက်သည့် သင်ပြပုံ နည်းစနစ်မျိုးဖြစ်ရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် အာဆီယံနိုင်ငံများတွင် ဒုတိယအနိမ့်ကျဆုံးနိုင်ငံဖြစ်ပြီး ပညာရေးစနစ် အမြန်ဆုံး ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေပြီဟုလည်း ၎င်းက ဆိုသည်။

အဆိုပါပညာရေးဆွေးနွေးပွဲတွင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လိုအပ်သော ပညာရပ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လိုအပ်သော ပညာရပ်များဖြစ်သည့် အင်ဂျင်နီယာ၊ ဆေးပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်ပြီး ဟောပြောဆွေးနွေးခြင်းဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အင်ဂျင်နီယာ၊ ဆေးပညာ၊ Business၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ဘာသာရပ်များ စသည့်တို့ကို သင်ကြားသင့်သည်ဟုဆိုသော်လည်း မိမိဝါသနာမပါပါက ထူးချွန်ထက်မြက်သော လူရည်ချွန်တစ်ယောက် ဖြစ်လာနိုင်မည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့ သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်အခါ ဘာသာရပ်ရွေးချယ်ရာတွင် ပညာရေးအတိုင်ပင်ခံများနှင့် စနစ်တကျ ဆွေးနွေးသင့်ပြီး မိမိဝါသနာပါသည့်ဘာသာရပ်ကို ကိုယ်တိုင်သိရှိပြီး ၀ါသနာနှင့် ထပ်တူကျသည့် ဘာသာရပ်ကိုသာ ရွေးချယ်သင့်သည်ဟု အကြံပြုဆွေးနွေးခဲ့သည်။

No comments: