Saturday, March 29, 2014

ဟက်ကြီးရေကာတာအနီး ငလျင်ကြော အချိန်မရွေးလှုပ်ခတ်နိုင်ပြီး အာရှတွင် အကြီးဆုံးငလျင်ဖြစ်လာနိုင်ဟုဆို

လပြည့်ဝန်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နှင့် ဖာပွန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်နံဘေးရှိ ဟက်ကြီးရေကာ တာစီမံကိန်း တည်ရှိရာနေရာအနီး ကျောက်ကြော-ဖာပွန်ငလျင်ကြောသည် အချိန်မရွေးလှုပ်ခတ်နိုင်သော ငလျင်ကြောဖြစ်နေပြီး လှုပ်ခတ်မည် ဆိုပါက အာရှတွင် အကြီးဆုံးငလျင်ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက မတ် ၂၇ တွင် ပြောသည်။

“အခုတည်ဆောက်မယ့် ဟက်ကြီးရေကာတာစီမံကိန်းက ဘယ်လောက်ထိ လေ့လာမယ်၊ ဘယ်သူတွေက လေ့လာမယ်ဆိုတာ ဘာတစ်ခုမှ မသိရဘူး။ လေ့လာမယ်ဆိုရင်လည်း ဒီနေရာက ငလျင် ဘယ်တုန်းက လှုပ်သွားတယ်ဆိုတာကိုပဲ ကြည့်ပြီးတော့လုပ်ကြမှာဆိုတော့ ဒါက စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါငလျင်ကြောသည် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကြီးဆုံးငလျင်အဖြစ် တစ်ကြိမ်သာ လှုပ်ခတ်ခဲ့ပြီး ဟက်ကြီးရေကာတာနှင့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ၎င်းငလျင်ကြောသည် အနိမ့်ဆုံး ရစ် ချက်စတာစကေးခုနစ်မှစ၍ အချိန်မရွေးလှုပ်ခတ်နိုင်သည့် အလားအလားရှိနေသည်ဟု ၎င်းက ဆိုသည်။

ဟက်ကြီးရေကာတာ တည်ဆောက်မည့်နေရာ ပတ်ဝန်းကျင်သည် DKBA တပ်မဟာ-၅၊ တပ်မဟာ-၇ နယ်မြေအတွင်း ဧရိယာများ ပါဝင်ပြီး စီမံကိန်းသည် သံလွင်မြစ်ကြောင်းတစ်လျှောက် (မြန်မာနိုင်ငံအတွင်း) ရှိ ရေကာတာစီမံကိန်းများတွင် မြစ်အောက်ပိုင်းရှိ နောက်ဆုံးရေကာတာစီမံကိန်းဖြစ်သည်။ စီမံကိန်းကို ထိုင်းအစိုးရပိုင် The Electricity Generating Authority of Thailand(EGAT)၊ တရုတ်ပိုင် Sino-hydro Corporation နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့က ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ၂၀၀၆ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

“ရေကာတာ တည်ဆောက်မယ်ဆိုရင် တစ်နေရာထဲမှာ ရေ Weight က ပိနေမှာဆိုတော့ မြေလွှာတွေ ကြားထဲမှာ ပွတ်တိုက်မှုတွေ ဖြစ်လာပြီး ငလျင်လှုပ်ခတ်နိုင်ခြေတွေ ပိုများလာမယ်။ ငလျင်လှိုင်းကြောင့် ကွန်ကရစ်တွေ ပြိုလာနိုင်မယ်။ သံလွင်မြစ်ပေါ်မှာတည်ဆောက်မယ့် ရေကာတာတွေနဲ့ပတ်သက်ပြီးတော့ လုံးဝရပ်တန့်ဖို့ Campaing တွေလုပ်ဆောင်သွားဖို့ရှိတယ်” ဟု Karen River Watch က ကိုစောသာဘိုး က မဇ္ဈိမကိုပြောသည်။

ရေကာတာသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏ အောက်ဘက် ၂၉ မိုင် အကွာတွင် တည်ရှိသည်။ စီမံကိန်းမှရရှိလာမည့် လျှပ်စစ်ဓာတ်အား ၁,၃၆၀ မဂ္ဂါဝပ်အားလုံးမှ ၁၀ ရာခိုင်နှုန်းသည် မြန်မာပြည်အတွက်ဖြစ်ပြီး ကျန်ရှိသော ဓာတ်အားများကို ထိုင်းနှင့်တရုတ်သို့ ရောင်းချ မည်ဖြစ်သည်။

No comments: