Monday, March 31, 2014

NLD နာယက ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေး

တင်ဇာအောင်

နိုင်ငံခြားသွားရောက်ကုသလိုပါက ကူညီပေးမည်ဟု သမ္မတရုံး ၀န်ကြီးများ ပြောဆိုထားဟုဆို

NLD နာယက ၊ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိသော်လည်း စိတ်ချရသည့် တိုးတက်မှု မရှိသေးကြောင်း ၎င်းအနားတွင် အနီးကပ် ရှိနေသူ NLD ပါတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်မျိုးအောင်က မဇ္ဈိမကို မတ် ၃၀ ညနေ ငါးနာရီခန့် အချိန်တွင် အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်သည် မတ် ၂၉ ရက်တွင် ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသမှု ခံနေရာမှ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် သို့ ပြောင်းရွှေ့ ဆေးကုသခံခဲ့ပြီး ပြောင်းရွှေ့သည့် အချိန်ကထက် အခြေအနေ ကောင်းမွန်လာသော်လည်း စိတ်ချရသည့် တိုးတက်မှုမျိုး မရှိသေးဟု ဦးဇော်မျိုးအောင်က ဆိုခြင်းဖြစ်သည်။

“စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ နေ့တိုင်းပဲ စောင့်ကြည့်နေကြပါတယ်။ အထူးကုဆရာဝန်ကြီးတွေလည်း နေ့တိုင်း မီတင် ထိုင်ပါတယ်။ ကျန်းမာရေး တိုးတက်မှုတော့ ရှိပါတယ်။ စိတ်ချရလောက်တဲ့ တိုးတက်မှုတော့ မရှိသေးပါဘူး“ ဟု ဦးဇော်မျိုးအောင်က ဆိုသည်။

ဦးဝင်းတင်ကို နိုင်ငံခြားတွင် သွားရောက် ဆေးကုသလိုပါက ကူညီပေးမည်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က နှုတ်အားဖြင့် ကတိပေးထားသည်ဟု ဦးဝင်းတင်ကို စောင့်ရှောက်နေသူ တစ်ဦးလည်းဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ယင်းသို့ နှုတ်အားဖြင့် ကတိပေးခြင်းမှာ မတ် ၂၉ ရက်က ဖြစ်ပြီး လက်ရှိအချိန်တွင်မူ နိုင်ငံခြားသို့ သွားရောက်ရန် မစီစဉ်ရသေးဘဲစောင့်ကြည့်နေဆဲသာဖြစ်သည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။

“ဗိုက်ထဲမှာ လေတွေ တော့ ရှိနေတယ်။ အခုအခြေအနေက အိပ်ဆေးပေးပြီး ဘဘကို သက်တောင့်သက်သာ နေနိုင်အောင် ထားထားတယ်။ သုံးရက် စောင့်ကြည့်ရမယ်။ အစွမ်းကုန်ကြိုးပမ်းနေပါတယ်“ ဟု ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်သည် အဆုတ်နှင့် သက်ဆိုင်သော ရောဂါ ဖြစ်နေပြီးဗိုက်ထဲတွင် လေများ ရှိနေသည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။

ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်ဖြစ်သည်။

၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NLD ပါတီကို တည်ထောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနိုကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် NLDက ထုတ်ဝေသော ဒီလှိုင်းစာစောင်တွင် အကြံပေးအဖြစ် ဆောင်ရွက်နေ သည်။

No comments: