Monday, March 31, 2014

ရခိုင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ ဌာနဆိုင်ရာများ အားနည်းမှု ရှိဟုဦးရဲထွဋ် ဝန်ခံ

နန်းလွင်နှင်းပွင့်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သာသနာ့အလံဖြုတ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွင် ကိုင်တွယ်ထိန်းချုပ်ရန် တာဝန်ရှိသည့် အစိုးရဌာနဆိုင်ရာများ အားနည်ချက်များ ရှိခဲ့ပြီး ချိတ်ဆက်လုပ်ဆောင်မှု အားနည်းခဲ့သည် ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မဇ္ဈိမကို ပြောသည်။

“ပြင်ဆင်မှုလုပ်တာ အားနည်းချက်ရှိတယ်လို့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အနေနဲ့မြင်တယ်၊ စစ်တွေမြို့မှာ ရဲအင်အား တစ်ထောင်ကျော်လောက်ရှိတယ်၊ ကားတွေပို့ထားတယ်၊ ကားတွေနဲ့ တပ်ဖြန်ကတဲ့အခါ အချိန်မှီမဆောင်ရွက်နိုင်ဘူး၊ ပြည်နယ် အစိုးရမှာ တာဝန်ရှိတယ်"ဟု ပြောသည်။

ကားများ အချိန်မှီမသွားနိုင်ခြင်းမှာ စက်သုံးဆီ လုံလောက်မှု မရှိ၍ဟု ရဲတပ်ဖွဲ့ကဆိုသော်လည်း အစိုးရ အနေနှင့် ရဲတပ်ဖွဲ့ သွားလာလှုပ်ရှားနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနတွင် စက်သုံးဆီများ ဂါလံသိန်းဂဏန်းခန့် ပေးထားပြီး ထိုသို့ဖြစ်ရသည်မှာ ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်မှု အားနည်းချက် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဦးရဲထွဋ်က ထောက်ပြေပြောဆိုသည်။

ရခိုင်ပြည်နယ် ရှေ့နေချုပ်တစ်ဦးလည်းဖြစ် ဒုချီးရားတန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဦးသာပွင့်ကလည်း စစ်တွေမြို့တွင် မတ်လ ၂၆ရက်နှင့် ၂၇ရက်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အချိန်မှီ တားမြစ်နိုင်
ခြင်း မရှိသဖြင့် အဆောက်အအုံများ ပျက်စီးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်ဟု မဇ္ဈိမကို မတ်လ ၂၈ရက်က ပြောထားသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် အရေးယူမှု နောက်ဆက်တွဲနှင့် ပတ်သက်၍ ဦးရဲထွဋ်က “အခုတော့ဘယ်သူ့ကိုမှ အရေးယူထားတာ မရှိဘူး၊ သမ္မတဖွဲ့ပေးလိုက်တဲ့ ကော်မရှင်ကတော့ ဆက်ဆောင်ရွက် သွားလိမ့်မယ်၊ ဖြစ်ပွားခဲ့ရာမှာကျူးလွန်သူတွေကို မှတ်တမ်းတင်ထားတာ ရှိတယ်၊ အဲ့ဒါက နောက်တော့ ဆက်အရေးယူသွားလိမ့်မယ်”ဟု ပြောသည်။

မှတ်တမ်းတင်ထားသူများတွင် အဆောက်အဦးများအား လာရောက်ဖျက်ဆီးမှု ပြုလုပ်သူများမှာ စစ်တွေမြို့ပေါ်မှ မဟုတ်ဟု သတင်းရရှိထားသည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

အစိုးရအနေနှင့် ရုန်းရင်းဆန်ခတ်မှုတွင် ကျူးလွန်ခဲ့သူများကို အရေးမယူသေးခြင်းသည် ပြည်နယ်တည်ငြိမ်ရေး ပြဿနာ ထပ်မဖြစ်ရေးအတွက် ဦးစားပေးဆောင်ရွက်နေရခြင်းကြောင့်ဟု သူက ဆိုသည်။

ထို့အပြင် အန်ဂျီအိုများနှင့် ပတ်သက်၍လည်း ပြဿနာဖြစ်လွယ်သည့် အခြေအနေမျိုးတွင် ရှိနေသည့် နေရာသို့ လာရောက် အကူအညီလာပေး လုပ်ကိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ဒေသ၏ ဓလေ့ထုံစံ ယဉ်ကျေးမှုများကို သိထားရန်လိုအပ်သည်ဟု ဦးရဲထွဋ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အန်ဂျီအိုအဖွဲ့အစည်းများတွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ တစ်ဖွဲ့ကိုသာ အလုပ်ဆက်မလုပ်ရန် တားမြစ်ခဲ့ပြီး ကျန်အဖွဲ့အစည်းများမှ ဝန်ထမ်းများအား Royal Sittwe Hotel နှင့် ရဲတပ်ဖွဲ့ ရိပ်သာတွင် လုံခြုံရေးဖြင့် နေထိုင်ရန် စီစဉ်ပေးထားသည်ဟု ဆိုသည်။

No comments: