Sunday, March 30, 2014

စစ်တွေပဋိပက္ခအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့

မဇ္ဈိမ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ရက်ညက နှင့် ၂၇ရက်တို့တွင် ဖြစ်ပွားခဲ့သည် ပဋိပက္ခကို စုံစမ်းကာ အရေးယူနိုင်ရန် အဖွဲ့ဝင်ငါးဦးပါသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မတ်လ ၂၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

စစ်တွေမြို့တွင် ၂၆ရက်ညက အန်ဂျီအိုမှ အမျိုးသမီးက သာသနာ့အလံကို ဘောင်းဘီအိတ်ထဲ ထည့်သည်ဟုဆိုကာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် Malteser International အန်ဂျီအိုအဖွဲ့နှင့် UNအဖွဲ့အစည်းများမှ ငှားရမ်းနေထိုင်သည့် အိမ်များ၊ ရုံးများနှင့် ဂိုဒေါင်များကို ဖျက်ဆီးပြီး ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ထိုကိစ္စကို စုံစမ်းကာ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ဖွဲ့စည်းရခြင်းအကြောင်းကို ရေးသားထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန လေကြောင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်နေဝင်း၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစစ်အေး၊ Myanmar Egressမှ ဒေါက်တာကျော်ရင်လှိုင်တို့ လေးဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မတ်လ ၂၆နှင့် ၂၇ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၌ ဦးဆောင်ပါဝင်သူများ၊ ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဖော်ထုတ်ရန်နှင့် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်နယ်အုပ်ချုပ်ရေးအပိုင်းမှ အဓိက တာဝန်ရှိသူများကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်ရမည်ဖြစ်သည်။

ထိုအဖွဲ့၏ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း လိုအပ်သည့် လုံခြုံရေး၊ အုပ်ချုပ်ရေးပိုင်း လိုအပ်ချက်များကို သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ရမည် ဖြစ်ပြီး အစီရင်ခံစာကို ဧပြီလ ၇ရက်တွင် သမ္မတဦးသိန်းစိန်ထံ နောက်ဆုံး တင်ပြရမည်ဖြစ်သည်။

No comments: