Saturday, March 29, 2014

လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီတွင် လယ်ယာမြေ သိမ်းဆည်းထားသူများ ပါဝင်နေ

စည်သူမောင်မောင်

ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီများတွင် လယ်သိမ်းသူများပါဝင်နေသည့်အတွက် ၎င်းတို့ကို အဆိုပါ ကော်မတီအဖွဲ့မှ ဖယ်ရှားပေးရန်အပါအ၀င် အချက်(၇)ချက်ပါ ကြေညာချက်တစ်စောင်ဖြင့် ဧရာဝတီတိုင်းအတွင်းရှိ တောင်သူ လယ်သမားများဖြင့် ဖွဲ့စည်းထားသည့် “ပေါင်းစုအင်အား ဧရာဝတီသား” အင်အားစုအဖွဲ့က မတ်လ၂၅ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။

ဧရာဝတီတိုင်းရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများက ပုသိမ်မြို့၊ ပြည်ထောင်စုကွင်းတွင် တွေ့ဆုံကာ လယ်ယာမြေများနှင့်ပတ်သက်သည့် အငြင်းပွားပြဿနာများအရေး ညှိနှိုင်းဆွေးနွေးအပြီးတွင် ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းအတွင်းမှာတော့ လယ်သမားတွေ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့တွေမှာ လယ်သိမ်းထားသူတွေ ပါဝင်နေတော့ လယ်သမားတွေ လယ်မြေကို ပြန်ရဖို့ဆို မဖြစ်နိုင်သလို ဖြစ်နေတယ်။ ဧရာရွှေဝါက လယ်တွေ ပြန်ပေးပေမယ့် အခုထိ မူလလက်ငုပ်ဆီ မရောက် ဘူး။ လယ်ယာမြေကိစ္စတွေ ဖြေရှင်းဆောင်ရွက်မှုတွေမှာ နစ်နာဆုံးရှုံးသူတွေကို အရှုံးပေးပြီး ဥပဒေမဲ့ဆုံး ဖြတ်ချက်တွေ ချနေတယ်”ဟု ဧရာဝတီတိုင်း လယ်သမားအရေးကို ဆောင်ရွက်နေသူ ဦးထွန်းထွန်းဦးက ဆိုသည်။

လယ်ယာမြေစီမံခန့်ခွဲမှုများတွင် လယ်သမားကိုယ်စားလှယ်များ အချိုးကျပါဝင်ခွင့်ရရန်နှင့် လက်ရှိတွင် ကော်မတီအတွင်း လယ်သမားကိုယ်စားလှယ်တစ်ဦးသာ ပါဝင်ခွင့်ရသည့်အတွက် နစ်နာမှုများရှိနေကြောင်း၊ ယခုနှစ် လယ်စိုက်ပျိုးချိန်မီ ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။

“ဧရာဝတီတိုင်းတစ်တိုင်းလုံး လယ်သမားတွေ ခံစားနေတာကို မသိချင်ယောင်ဆောင်နေတာလား။ ပြည် သူတွေ ပြည်သူတွေဆိုပြီး ငါယူမယ်၊ ငါယူမယ်ဆိုပြီး လုပ်နေတယ်။ ဧရာဝတီတိုင်းအတွင်း ဧရာရွှေဝါက မနှစ်က ပြန်ပေးထားတဲ့ အခုထိ သမီးတို့ မရသေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက သူပေးချင်သလောက် ပေးသလိုဖြစ်နေတယ်”ဟု လယ်သမားအစည်းအဝေးပွဲတွင် ပိတ်သာညောင်ချောင်းမှာ လယ်သိမ်းခံရသူ ဒေါ်ဆွေဆွေအောင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်း ပုသိမ် ကန်ကြီးထောင့်၊ ငပုတော၊ ပန်းတနော်မြို့နယ်များမှ တောင်းသူလယ်သမား ကိုယ်စားလှယ်များသည် ပုသိမ်ပြည်ထောင်စုကွင်း လယ်သမားအစည်းအဝေးပွဲ ပြုလုပ်ကာ တက်ရောက်သူ လယ်သမား ကိုယ်စားလှယ်များက “ပေါင်းစုအင်အား ဧရာဝတီသား” လယ်သမားအင်အားစုအဖြစ် ဖွဲ့ စည်းပြီး တောင်းဆိုချက်(၇)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းရှိ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် တောင်းဆိုမှုများနှင့် တောင်သူလယ်သမား မိုးရာသီ စိုက်ပျိုးကာလ ထွန်တုံးတိုက်ပွဲများကြောင့် ပုဒ်မ(၄၄၇)၊ ပုဒ်မ (၄၂၇)များဖြင့်တရားစွဲခံရသည့် အပြင် သာပေါင်းမြို့နယ်ရဲစခန်းတွင်လည်း ဂုံမင်းမှ တောင်သူ၂၆ ဦးသည်လည်း ပုဒ်မ(၃၇၉)ဖြင့် အမှုဖွင့် ခံထားရသည်ဟု လယ်သမားကိုယ်စားလှယ်များက ပြောကြားသည်။

No comments: