Saturday, March 29, 2014

မဒေးကျွန်းရေနက်ဆိပ်ကမ်းတွင် ရေနံစိမ်းများ ယိုစိမ့်မှုဖြစ်ပေါ် လာပါက National Contingency အရဆောင်ရွက်သွားမည်

မိုးဇော်

ကျောက်ဖြူမြို့၊ မဒေးကျွန်းရေနက်ဆိပ်ကမ်းတွင် မြန်မာ့ရေပိုင်နက်အတွင်း၌ ဖြစ်စေ၊ ဆိပ်ကမ်းဧရိယာအတွင်ဖြစ်စေ ရေနံစိမ်းများ အကြောင်းတစ်ခုခုကြောင့် ယိုစိမ့်မှုဖြစ်ပေါ်လာပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေးဆွဲထားသည့် National Contingency အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၂ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဂွမဲဆန္ဒနယ်မှ ဦးကြည်သာက ရေနံစိမ်းများ အကြောင်းတစ်ခုခုကြောင့် ယိုစိမ့်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဖြေရှင်းနိုင်သည့် အစီအမံများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကို မေးမြန်းခြင်းအပေါ် စွမ်းအင် ဒု-၀န်ကြီး ဦးအောင်ထူးက ထို့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေနံယိုဖိတ်မှုတုန့်ပြန် ဆောင်ရွက်ရေး အရေးပေါ်စီမံချက်မှုကြမ်းကို ရေးဆွဲပြုစုပြီးဖြစ်၍ အတည်ပြုထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအပါအဝင် ရေနံယိုဖိတ်မှု ဖြစ်ပေါ်စေနိုင်သည့် အရင်းအမြစ် အသီးသီးသည် ရေနံယိုဖိတ်မှုများ ကြောင့် ရေပြင်ညစ်ညမ်းမှုများအား ကာကွယ်သွားနိုင်ရေးအတွက် သက်ဆိုင်ရာဆိပ်ကမ်းများအလိုက် ရေနံယိုဖိတ်မှု ကာကွယ်တားဆီးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အစီအမံများကို ရေးဆွဲထားရမည်ဖြစ်ရာ အဆိုပါအစီအမံများသည် အမျိုးသားအဆင့်ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေး အရေးပေါ် စီမံချက်၏ အစိတ်အပိုင်းများအဖြစ် ပါရှိနေမည် ဖြစ်ကြောင်း ဆိုသည်။

ဆက်စပ်ပြီး ကျောက်ဖြူ စက်မှုစုံ၌ ရေနံချက်စက်ရုံ၊ ရေနံဓာတု စက်ရုံများ၊ သတ္တု သန့်စင်စက်ရုံ၊ သင်္ဘောကျင်း၊ ရေထွက်ပစ္စည်းများ၊ လယ်ယာထွက်ကုန်၊ အထည်အလိပ်၊ ကားအပိုပစ္စည်း စသည်တို့ ထုတ်လုပ်သည့် စက်ရုံအလုပ် အလုပ်ရုံများ အပါဝင်မည်ဖြစ်ပြီး ၂၀၁၅ မတိုင်းမီ အကောင်းအထည်ဖော်မည်ဟု ဧရာဝတီ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကျောက်ဖြူဒေသတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် တခြားစီမံကိန်းများသည် တရုတ် အကျိုးစီးပွားအတွက် ဖြစ်နေပါက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာလုံခြုံမှုကို ထိပါးလာနိုင်ဖွယ်ရှိကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားထားသည်ဟု ဖော်ပြထားသည်။

No comments: