Saturday, March 29, 2014

သင်္ကြန်မဏ္ဍပ်များအပြင် သီးခြား အဆောက်အအုံ ဆောက်ခွင့်မပြု

မျိုးသန့်

မန္တလေးမြို့၊ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များ တည်ဆောက်ရာ၌ ခွင့်ပြုဧရိယာအတွင်း မဏ္ဍပ် နှင့်အိမ်သာမှလွဲ၍ အခြား မည့်သည့်အဆောက်အအုံကိုမျှ ထည့်သွင်းတည်ဆောက်ခွင့် ပြုမည်မဟုတ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူးဦးမောင်မောင်မြင့်က မဇ်္ဈိမ ကို ပြောသည်။

“မဏ္ဍပ်တည်ဆောက်ဖို့ သတ်မှတ်တဲ့ဧရိယာထဲမှာ မဏ္ဍပ်အိမ်သာကလွဲပြီး မည့်သည့် အဆောက်အအုံကိုမျှ ထည့်သွင်း တည်ဆောက်ခွင့်မပေးပါဘူး။စစ်ဆေးမှုတွေကို လုပ်သွားမှာဖြစ်ပါတယ်။ သီးခြားအခန်း တည်ဆောက်ခြင်းကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ လျော့ကျသွားအောင် ဆောင်ရွက်ရတာ ဖြစ်ပါ တယ်”ဟု ဌာနခွဲမှူးဦးမောင်မောင်မြင့်က ပြောသည်။

မဏ္ဍပ်အတွင်း သီးခြားအခန်းများ တည်ဆောက်ခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ခြင်း၊ အခန်းပိုများတည်ဆောက်ခွင့် နှစ်စဉ် မပေးသော်လည်း ထည့်သွင်းတည်ဆောက်နေကြခြင်းနှင့် လူငယ်များ မူးယစ်သောက်စားသည့် နေရာ တစ်ခုကဲ့သို့ လုပ်ဆောင်နေမှုများကို ပပျောက်စေလိုခြင်းတို့ ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

လုံခြုံရေးအတွက် မဏ္ဍပ်တိုင်းတွင် ကင်မရာများကို တပ်ဆင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာစီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းကော်မတီက လမ်းညွှန်ချက်များပေးမည်ဖြစ်သည်။ လမ်းညွှန်ချက်များအ တိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ မဏ္ဍပ်များကို တည်ဆောက်ခြင်းစည်းကမ်းချက်များ ထုတ်ပြန်သည့်အတိုင်း ၀တ်စားဆင်ယင်မှု ပိုင်းဆိုင်ရာနှင့် ကြေညာမှု ပိုင်းဆိုင်ရာတို့ကိုလည်း စည်းကမ်းသတ်မှတ်ထားမည်ဖြစ်သည်။

အဆိုပါစည်းကမ်းချက်များမှာ သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ နိုင်ငံရေး၊ ဘာသာရေးနှင့် ပတ်သက်သော စာသား၊ ပို့စတာများ၊ အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ် စသည့် ကြော်ငြာများကို ချိတ်ဆွဲ ကြော်ငြာခွင့်များကို ပေးအပ်မည် မဟုတ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုကို သွေဖည်ကာ လူအမြင်မတော် သောအ၀တ်အစားများ ၀တ်ဆင်ခြင်းပြုလျှင်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း အသိပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

ရေပက်မဏ္ဍပ်များ ရေကစားချိန်ကို နံနက် ၇ နာရီမှ ၁၂ နာရီ၊ နေ့လယ် ရေကစားချိန် မွန်းလွဲ ၂ နာရီမှ ည နေ ၅ နာရီအထိ သတ်မှတ်ပေးထားသည်။ ကျုံးဘေးပတ်လည် မဏ္ဍပ်တည်ဆောက်ခွင့်အတွက် လူဦး ရေ ၃၀၀ နီးပါး မဲနှိုက်ခဲ့ရာ လတ်တလော ၃၀ ကျော်အား မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးခဲ့ပြီး မဏ္ဍပ် နည်းနေသည့်နေရာများဖြစ်သည့် ကျုံးမြောက်နှင့် အနောက်ဘက်တို့တွင် တည်ဆောက်ခွင့် ထပ်မံ တောင်းဆိုနိုင်ပြီး ချထားပေးရန်လည်း စီစဉ်ထားသည်။

No comments: