Friday, March 28, 2014

ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရန် လုပ်ငန်းငါးခုသာ လုပ်ခွင့်ရ

ဖိုးစိုးသူ

ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားကြသော သတ္တုတူးဖော်ရေးလုပ် ငန်း ၂၃ ခုအနက် ငါးခုကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက မတ် ၂၅ တွင် မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ အများဆုံး လျှောက်ထားကြပြီး လုပ်ကိုင်ခွင့်ရရှိထားသော သတ္တုတူးဖော်ရေးလုပ်ငန်း ငါးခုမှာ ယခုအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုလုပ်ကြသေးသည့် အခြေအနေတွင် ရှိသည်ဟု ၎င်းက ဆိုသည်။

“သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိဘူး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသတွင်းအလုပ်အကိုင်ဖွံ့ဖြိုး ရေးတွေရှိမယ်ဆိုရင်တော့ ခွင့်ပြုသင့်တဲ့လုပ်ငန်းတွေကို ခွင့်ပြုပေးသင့်ပါတယ်။ ဒေသခံတွေ ကန့်ကွက်လို့ မလုပ်ရတဲ့လုပ်ငန်းတွေလည်း ရှိတယ်။ ခွင့်ပြုချက်ရတဲ့ လုပ်ငန်းငါးခုကလည်း အခုချိန်ထိ ဘာမှမလုပ် ကြသေးဘူး”ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့နယ်များတွင် ကြေးနီတူးဖော်ရေး၊ ခရိုမိုက်တူးဖော်ရေးလုပ်ငန်းများကို တူးဖော်ဆောင်ရွက်ခွင့်များ ချထားပေးပြီးဖြစ်၍ ချင်းလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ များလာမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ချင်းတောင် သယံဇာတစောင့်ကြည့်ရေးအဖွဲ့မှ ကိုလျန်တွောင်က အောက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားသည်။

“စီမံကိန်းလုပ်ငန်း လာလုပ်တဲ့လူတွေက သူတို့ရဲ့ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံတာဖြစ်လို့ အကျိုးအမြတ်ရသမျှကို ရှာတယ်။ ဒေသဖွံ့ဖြိုးရေးဆိုတာတော့ မဟုတ်ဘူး။ အလုပ်သမားတောင် ကုမ္ပဏီတွေကပါလာတဲ့ လူတွေပဲများတယ်”ဟု ပြောသည်။

No comments: