Sunday, March 30, 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မီးသတ်တပ်ဖွဲ့ အတွက် ယာဉ် ၇၈ စီး ထပ်မံ ဖြည့်တင်းမည်

မျိုးသန့်

မန္တလေးတိုင်းအတွင်း မီးလောင်ကျွမ်းလျှင် နိုင်နင်းစွာ မီးငြှိမ်းသတ်နိုင်ရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မီး ငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း ၇၈ စီး ထပ်မံဖြည့်တင်းနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုး ရ အသုံးပြုမည့် ဘတ်ဂျက်ထဲတွင် ထည့်သွင်းပေးရန် တောင်းခံထားရှိကြောင်း တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

“တိုင်းဒေသကြီးအတွင်းမှာ မီးငြှိမ်းသတ်ယာဉ် ထပ်မံဖြည့်တင်းနိုင်ဖို့အတွက် မီးငြှိမ်းသတ်ယာဉ် ၃၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၄၇ စီး၊ စုစုပေါင်း ၇၈ စီး ၀ယ်ယူဖြည့်တင်းနိုင်ဖို့ တိုင်းဒေသကြီးအစိုးရဘတ်ဂျက် ထဲမှာ ထည့်သွင်းတောင်းခံထားပါတယ်။ မြို့နယ်အလိုက် မီးငြှိမ်းသတ်ရေးဆိုင်ရာ အကာအကွယ်ပစ္စည်း တွေကို ဘဏ္ဍာနှစ်အလိုက် တောင်းခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

၂၀၁၃ ခုနှစ်တွင် မီးသတ်ယာဉ်သုံးစီးကို မဟာအောင်မြေမြို့နယ်၊ တံတားဦးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့တွင် ပေးအပ် ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ခွင့်ပြုငွေထဲမှ တရုတ်နိုင်ငံထုတ် ဒေါင်းဖန်း မီးငြှိမ်းသတ်ယာဉ် သစ် ၂၅ စီး ၀ယ်ယူခဲ့ပြီး တိုင်းအတွင်းရှိ မြို့နယ်၂၅ မြို့နယ်သို့ တစ်မြို့တစ်စီးနှုန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မီးသတ်ရေငုတ်များနှင့် ရေငုတ်မရှိသည့်နေရာ များ ရေလုံလောက်စွာရရှိရေးအတွက် နေရာအလိုက် ကွင်းဆင်းစစ်ဆေးမှတ်သားပြီး လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ ရေကန်မရှိသည့်နေရာများတွင် ရေသိုလှောင်ကန်များ တည်ဆောက်ရန်စီစဉ်ခြင်းများ ဆက် တိုက်ပြုလုပ်လျက် ရှိသည်။

စက်ပစ္စည်းကိရိယာများ အားဖြည့်မှုအပြင် မီးသတ်တပ်ဖွဲ့ဝင်အင်အားကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက နှစ်အလိုက်တိုးချဲ့ ခန့်ထားနေပြီး လက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၃၁,၂၅၀ ဦးအား လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။

မီးသတ်ပညာသင်တန်းများဖြစ်သည့် အခြေခံမီးသတ်ပညာသင်တန်း၊ အခြေခံ ဆေးတပ်စုသင်တန်း၊ အသက်ကယ်နည်းစနစ်သင်တန်း၊ တန်းမြင့်မီးသတ်ပညာသင်တန်း၊ အဆင့်မြင့်မီးသတ်ပညာသင်တန်း၊ မီးသတ်ပညာ နည်းပြသင်တန်းများကို မြို့နယ်အလိုက် စွမ်းဆောင်ရည်မြင့်မားစေရန် လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိသည်။

မန္တလေးမြို့သည် ပူပြင်းသော ရာသီဥတုဒဏ်ကို ခံစားရသည့်ဒေသဖြစ်သဖြင့် မီးလောင်ကျွမ်းမှုနှုန်း မြင့် သောကြောင့် မြို့အတွင်း ချက်ပြုတ်ချိန်သတ်မှတ်ခြင်း၊ မီးလောင်ကျွမ်းနိုင်သောနေရာများကို ကွင်းဆင်း စစ်ဆေးကာ ထိန်းသိမ်းမှုများလုပ်ဆောင်ခြင်းနှင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း မီးဘေးအန္တရာယ် ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်ခြင်းများ လုပ်ကိုင်လျက်ရှိသည်။

မန္တလေးခရိုင်အတွင်း မီးလောင်ကျွမ်းမှုကို သိရှိနိုင်သော ၃၈ ဆ ချဲ့ထွင်ကြည့်နိုင်သည့် ကင်မရာတစ်ခုကိုလည်း မန်းမြန်မာပလာဇာပေါ်တွင် ပြည်သူများ၏လှူဒါန်းမှုဖြင့် တပ်ဆင်ထားရှိကာ မီးလောင်ကျွမ်းမှု အခြေအနေများကို စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။

ထို့ထက်ပို၍ တိကျစေရန် ဂျီပီအက်စ် (GPS)စနစ်ကိုအသုံးပြုကာ မီးလောင်ကျွမ်းသည့်ပမာဏ ခန့်မှန်းတွက်ချက်ခြင်း၊ မီးသတ်ကား သွားလမ်းကြောင်းများ သတ်မှတ်ကာ မီးငြှိမ်းသတ်စေခြင်းနှင့် မီးသတ်ရေ ငုတ်များတည်နေရာကို ဖော်ပြကာ မီးငြှိမ်းသတ်နိုင်မှု ပိုမိုထိရောက်စေရန်လည်း မန္တလေးတိုင်း မီးသတ် တပ်ဖွဲ့ရုံးက စီစဉ်ဆောင်ရွက်လျက်ရှိသည်။

No comments: