Sunday, March 30, 2014

မြို့နယ်အဆင့်မှာပင် မူဝါဒမှအပ ကျန်ကိစ္စရပ်များ ပြေလည်အောင်ဖြေရှင်း

ဖြိုး

သန်းခေါင်စာရင်းကောက်ယူရာတွင် မူဝါဒနှင့်သက်ဆိုင်သည့် ကိစ္စများမှအပ အခြားကိစ္စရပ်အားလုံးကို မြို့နယ်အဆင့်မှာပင် ပြေလည်အောင် ချက်ချင်းအဖြေပေးနိုင်ရန် ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း မန္တလေးတိုင်း သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က သက်ဆိုင်ရာဌာနများကို ပြောဆိုမှာကြားသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်းသာလိုတော့သဖြင့် သက်ဆိုင်ရာဌာနများက ပြင်ဆင်ထားမှုများနှင့် မြို့နယ်၊ ခရိုင်အတွင်း လိုအပ်ချက်များကို တိုင်းအဆင့်က ဖြည့် ဆည်းပေးနိုင်ရန် မတ်လ ၂၆ ရက်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီ ၀င်များနှင့် တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်။

“မူဝါဒနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကလွဲလို့ ကျန်တဲ့ကိစ္စတွေအားလုံးကို မြို့နယ်အဆင့်နဲ့ အဆက်အသွယ်လုပ် ပြီး ချက်ချင်း အဖြေပေးရမယ်။ ဇဝေဇ၀ါသံသယဖြစ်စရာ ကိစ္စမျိုးရှိလာရင်လည်း စီမံခန့်ခွဲရေးကော်မတီနဲ့ တိုင်ပင်ပြီး ချက်ချင်းဖြေရှင်းနိုင်အောင်လုပ်ပါ”ဟု ၎င်းက ဆိုသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူချိန်၌ စာရင်းစစ်၊ စာရင်းကောက်များနှင့် ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာတို့နှင့် အချိန်မရွေး ဆက်သွယ်နိုင် ရန် ဖုန်းနံပါတ်၊ အမည်များကို ကြိုတင်မှတ်သားထားရန်၊ လုံခြုံရေးမှ ကျန်းမာရေးအထိ ဂရုပြုကြရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်အောင် ဆောင်ရွက်သွားကြရန် ၀န်ကြီးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “တစ်စုံတစ်ရာအခက်အခဲရှိတာနဲ့ ချက်ချင်းဖြေရှင်းလို့ရအောင် ကျေးရွာကနေ တိုင်းအဆင့်ထိ အချိတ်အဆက်မိမိ ဆောင်ရွက်သွားဖို့ လိုပါတယ်။ အောက်ခြေကစပြီး Contact Point (ဆက်သွယ်ရေး လမ်းကြောင်း) တွေ့ရှိအောင် သေချာလုပ်ထားပါ” ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု ၁၀၀ မှ ၁၂၀ ကြားကို ကောက်ကွက်တစ်ကွက်အဖြစ် သတ်မှတ်ထားပြီး ကောက်ကွက်တစ်ကွက်လျှင် စာရင်းကောက်တစ်ဦး ထားရှိမည်ဖြစ်ရာ မန္တလေးတိုင်း အတွင်းတွင် ကောက်ကွက်ပေါင်း ၉,၃၀၆ ကွက်နှင့် အဖွဲ့အစည်းစာရင်း ကောက်ကွက်၂၀၁ ကွက် စုစု ပေါင်း ၉, ၅၀၇ ကွက်ရှိသည်။

တိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်မှုများသဖြင့် ဘာသာစကားအရ အခက်အခဲ ဖြစ်နိုင်သော မိုးကုတ်၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ သာစည်၊ ပျော်ဘွယ်မြို့များတွင်လည်း အခက်အခဲမရှိနိုင် အောင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့က ပြင်ဆင်ထားရန် လိုအပ် ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လုံခြုံရေးအရ သံသယဖြစ်ဖွယ်ရှိသော နေရာများတွင်လည်း ဂရုပြုရန်နှင့် သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန်နှင့် မတ်လ၂၇ ရက်မှစ၍ သန်းခေါင်စာရင်းကောက်ယူ ရေးအတွက် မြို့နယ်များတွင် မြို့နယ်ဦးစီးကွပ်ကဲရေးအဖွဲ့က အချိန်ပြည့် တာဝန်ယူထားရန် ၀န်ကြီးချုပ်က မှာကြား ပြောဆိုသည်။

No comments: