Saturday, March 29, 2014

စစ်တွေရှိ အင်န်ဂျီအိုရုံးများ ဖျက်ဆီးခံရ ၀န်ထမ်းများကို ရန်ကုန်သို့ နေ့ချင်းပို့

မြတ်ကျော်သူ၊ ကေဇူး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၆ ရက်ညက စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များမှ နိုင်ငံခြားသားဝန်ထမ်းများအပါအ၀င် ထိုအဖွဲ့အစည်းများတွင် အလုပ်လုပ်နေသော ၀န်ထမ်းများအား ရန်ကုန်သို့ နေ့တွင်းချင်း ပို့လိုက်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန် ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က မတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ အန်ဂျီအိုဝန်ထမ်းများကို ရခိုင်ဒေသတချို့က ရုံးခန်းများအဆောက်အအုံများ၊ လာရောက်ဖျက်ဆီးမှုကြောင့် ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် ဖြစ်ခဲ့သည့် မငြိမ်သက်ဖြစ်မှုကြောင့် ရဲများက ခြောက်လှန့်ပစ်ခတ် လူစုခွဲရာတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနှင့် ထောက် လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီးမင်းအောင်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားထားသည်။ မဇ္ဈိမအနေနှင့်မူ သတင်းရေသားချိန်အထိ သီးခြား အတည်မပြုနိုင်သေးပေ။


ဝန်ထမ်းများကို ရန်ကုန်သို့ ကယ်ထုတ်

“ဆက်နေရင် ထိန်းချုပ်ရခက်သွားလိမ့်မယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို (ရန်ကုန်ကို) ပြန်ပို့လိုက်တယ်” ဟု ဦးဝင်းမြိုင်က ပြောသည်။

၎င်း၏ ပြောဆိုချက်များအရ စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ၂၃ ခုရှိပြီး ပြန်ပို့သော ၀န်ထမ်းများမှာ စစ်တွေမြို့ရှိ ရုံးများတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက “စစ်တွေမှာရှိတဲ့လူအားလုံး ပြန်ပို့တာတော့ မဟုတ်ဘူး။ တချို့ ပြန်ပို့တာ။ တချို့ကိုတော့ လုံခြုံတဲ့နေရာမှာ ထားပါတယ်”ဟု မဇ္ဈိမကို အတည် ပြု ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များအရ ၂၇ ရက် ညနေ ၃ နာရီ ၎င်းရရှိသည့် သတင်းတွင် နိုင်ငံခြားသား ၂၀ နှင့် မြန်မာ ၃၀ ကို စစ်တွေရှိ ရဲရိပ်သာတွင် ခေတ္တရှောင်တိမ်းခိုင်း ထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမှရန်ကုန်သို့ နောက်ဆုံးဆိုက်ရောက်သည့် Air Mandalay လေယာဉ်ပေါ်တွင် ပါဝင်လာသည့် ရခိုင်သားကြီးစာပေမှ ဦးဦးလှမြင့်၏ လေဆိပ်တွင် ပြောဆိုချက်အရ လေယာဉ်ပေါ်တွင် နိုင် ငံခြားသားလေးဦးမှ ခြောက်ဦးအထိသာပါဝင်ပြီး အစောပိုင်း ထွက်ခွာသွားသည့် လေယာဉ်များတွင်လည်း နိုင်ငံခြားသားများ ပါဝင်သည်ဟု ဆိုသည်။

လတ်တလောအခြေအနေတွင် စစ်တွေ မှ ရန်ကုန်သို့ ပြန်ရောက်သည့် နိုင်ငံခြားသားများကို အဆက်အသွယ် မရသေးဘဲ ယနေ့ မတ်၂၈ တွင်လည်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ နိုင်ငံခြားသားများ ထပ် မံရောက်ရှိလာဦးမည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။


ရုန်းရင်းဆန်ခတ်မှု စတင်ဖြစ်ပေါ်ပုံ

မတ်လ ၂၆ ရက်က စစ်တွေမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် မာတေဇာ (Malteser Inter- national)မှ နိုင်ငံခြားသားဝန်ထမ်း အမေရိကန်နိုင်ငံသူတစ်ဦးက သာသနာ့အလံကို ဘောင်းဘီအိတ် တွင်း ထည့်ယူသည်ဆိုကာ စစ်တွေမြို့နယ်ဒေသခံ ၃၀ ကျော်က ယင်းအမျိုးသမီးနေထိုင်ရာ နေအိမ်ကို ၀ိုင်းကာ ထုတ်ပေးရန်တောင်းဆိုခဲ့သည်ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ်နှင့် ဒုချရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို ပြောသည်။

ထို့နောက် လူတစ်ရာခန့် လူစုဝေးမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ထိန်းသိမ်းသဖြင့် လူစုကွဲခဲ့သည်။

စစ်တွေ၊ မြို့မိ၊ မြို့ဖ ဦးသန်းထွန်းဆိုသူက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို ပြောပြရာတွင် “သူက အလံ တိုင်ကအလံကို ဆွဲချတယ်။ သာသနအလံကို။ ဆွဲချပြီးတော့ သူက ပြောပြလို့မသင့်တဲ့ မဖွယ်မရာအလုပ် တွေ လုပ်တယ်ဗျာ။ သာသနအလံကို ဆွဲဖြုတ်တယ်။ လုံးလိုက်တယ်။ တင်ပါးတွေ ကြားမှာ၊ ပေါင်ကြား တွေမှာပွတ်တယ်။ ပြီးတော့မှ သာသနအလံကို ဘောင်းဘီဘေးအိတ်ထဲ ထည့်လိုက်တယ်”ဟု ဆိုသည်။

သာသာနအလံကို အမေရိကန်သူက မဖွယ်မရာပြုလုပ်ခြင်းသည် လုံးဝမဟုတ်ဘဲ ကောလာဟလသာ ဖြစ်သည်ဟု ကုလသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ငြင်းဆိုသည်။

“မီးရှို့တာတွေ၊ ဘာတွေတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။ အတည်ပြုနိုင်သလောက်တော့ “အပျက် အစီး” ရှိပါတယ်။ သာသနအလံကို မဖွယ်မရာလုပ်တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး”ဟု ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။

မတ် ၂၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် လူနှစ်ရာခန့် ထပ်မံစုဝေးကာ ရပ်ကွက်အချို့ရှိ မာတေဇာ (Malt- eser International) ရုံးခွဲများကို ခဲများဖြင့်ပစ်ပေါက်မှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးရဲဝန်ထမ်းများက သေ နတ်ဖြင့်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။

ထိုသို့ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေများနှင့်ပတ်သက်၍ “တစ်ဖက်ကလည်း လေးစားမှုမရှိသလို ဖြစ်တယ်။ ဒါကို ဒေါသနဲ့တုံ့ပြန်နေတာ လူအုပ်စုဖြစ်ပြီး ထိန်းချုပ်ဖို့ခက်နေတော့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ် နေတယ်”ဟု ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးဦးသာပွင့်က သုံးသပ်သည်။

မတ်လ ၂၇ တွင် မာတေဇာရုံးများအပါအ၀င် အန်ဂျီအိုရုံးများ စုစုပေါင်း ၁၀ ရုံးကျော်ကို ထပ်မံ ခဲဖြင့်ပစ်ပေါက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဦးဦးသာပွင့်က ပြောသည်။


ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်တွေမြို့၏ လက်ရှိအခြေအနေများကြောင့် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အလုပ်လုပ်ကြရန် ကြေညာပြီး ပုဒ်မ ၁၄၄ ကို မတ် ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ရဟန်းသံဃာများက ညနေ ၃ နာရီခန့်တွင် လူစုခွဲ၍ မြို့တွင်း၌ လှည့်လည်ကြေညာမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်အား ၅ နာရီ လျှော့ချပေး ခဲ့ပြီး၊ လတ်တလောဖြစ်စဉ်များကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ပြန်လည်ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။


နိုင်ငံတကာသတင်းများတွင် ဖော်ပြမှု

အေအက်ဖ်ပီ၏ မတ်လ ၂၇ ရက် သတင်းတစ်ပုဒ်တွင် “လူသားချင်းစာနာမှု အကူအညီပေးရေး နိုင်ငံတ ကာအဖွဲ့တစ်ခု၏ ရုံးခန်းများကို ၀ိုင်းထားသော လူအုပ်ကြီး လူစုကွဲသွားစေရန်အတွက် သတိပေးပစ်ခတ် မှုများကို လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ရသည်”ဟု ဆိုသည်။

စစ်တွေဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရေးသားသော အချိန်အထိ Malteser အဖွဲ့ထံမှ မှတ်ချက်တစ်စုံ တစ်ရာရရှိခြင်း မရှိသေးဟုလည်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။

လူစုခွဲရန်အတွက် ရဲများက သတိပေးပစ်ခတ်မှုများ အချက် ၄၀-၅၀ ခန့် ပြုလုပ်ခဲ့ရကြောင်းလည်း ဦးဝင်းမြိုင်က ပြောခဲ့သည်ဟု အေပီသတင်းဌာနက ဖော်ပြထားသည်။

ကြာသပတေးနေ့တွင်လည်း အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ လူသားချင်းစာနာမှု အကူအညီပေးရေး နိုင်ငံတကာ ၀န်ထမ်းများ နေထိုင်ကြသော လမ်းတစ်လမ်းထဲတွင်၊ လူ ၁,၀၀၀ ကျော်ရှိသော လူအုပ်ကြီးက အိမ်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်းလည်း အေပီသတင်းဌာနက မတ်လ ၂၇ ရက်တွင် ရေးသားထားသည်။



နိုင်ငံတကာ၏ စိုးရိမ်ချက်များ

အမေရိကန်သံရုံးမှ ကြေညာချက်

အမေရိကန်နိုင်ငံသား/သူ အနည်းဆုံး သုံးဦးပါဝင်သည့် နိုင်ငံတကာအကူအညီပေးရေး ၀န်ထမ်းများကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပြီး အကူအညီပေးရေးအဖွဲ့များ၏ ရုံးများနှင့် အကာကွယ် မဲ့နေသူများကို ကာကွယ်နိုင်သည့် လုံခြုံရေးအင်အား နည်းပါးခြင်းတို့ကြောင့် အမေရိကန်အနေနှင့် စိုးရိမ် ပူပန်ဆဲဖြစ်သည်ဟု သံရုံးက ထုတ်ပြန်လိုက်သည်။

ဗြိတိသျှသံရုံးမှ ကြေညာချက်

ဗြိတိသျှသံရုံးအနေနှင့်လည်း ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရများကို အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာများအတွက် အကာအကွယ်များပြုလုပ်ပေးရန် အစောပိုင်းကတည်းက ပြောဆို ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့အနေနှင့် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။


ကုလသမဂ္ဂမှ ကြေညာချက်

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုများ လျော့ကျလာခြင်းသည် အကူအညီပေးနေသည့်လူပုဂ်္ဂိုလ် များအတွက် အပြုသဘောမဆောင်သည့် သက်ရောက်မှုမျိုး ဖြစ်လာစေနိုင်မည်ကို အထူးစိုးရိမ်မိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေးအရာရှိ မစ္စတာToily Kurbanov က ထုတ်ပြန်လိုက်သည်။

No comments: