Saturday, March 29, 2014

နိုင်ငံခြားသားများ တရားမ၀င် သတ္တုတူးဖော်နေဟုဆို

ဖိုးစိုးသူ

စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် သတ္တုတူးဖော်ရေးလုပ်ငန်းများ ရှိနေ၍ အရေးယူပေးစေလိုသည်ဟု စစ်ကိုင်းတိုင်း တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုကျော်သက်ဝင်းက မဇ္ဈိမကကို ပြောသည်။

“နိုင်ငံခြားသားဆိုတဲ့နေရာမှာ တရုတ်တွေက ပိုများတယ်။ ကလေးခရိုင်အတွင်းမှာ တရားမ၀င် ရွှေတူးဖော်ရေးလုပ်ငန်းတွေ ၁၈ ခုလောက် ရှိတယ်။ ပြည်နယ်သတ္တုတွင်းဝန်ကြီးဋ္ဌာနကို အရေးယူဖို့ တိုင်ကြား တဲ့အခါ လ၀ကက ၀င်ခွင့်ပေးပြီး အလည်အပတ်ရောက်လာကြတာလို့ပဲ ဖြေတယ်။ ဒီလို တရားမ၀င်တူး ဖော်တာတွေကို သေချာ အရေးယူဆောင်ရွက်ဖို့လိုတယ်”ဟု ကိုကျော်သက်ဝင်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး၊ ခန္တီး၊ မော်လိုက်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် တရားမ၀င် ရွှေတူးဖော်ရေးလုပ်ငန်းများ၊ မိုင်းသတ္တု တူးဖော်ရေး လုပ်ငန်းများကို တရုတ်နိုင်ငံသားများအပါအ၀င် အခြား နိုင်ငံခြားသားများ တရားမ၀င် တူးဖော်လုပ်ကိုင်မှုများရှိနေ၍ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မြစ်ချောင်းပျက်စီးမှုများ ဖြစ်နေသည်ဟု ပြောသည်။

နိုင်ငံခြားသားများ သတ္တုတူးဖော်နေသော ခန္တီးခရိုင်နှင့် ချင်းတွင်းမြစ်ကြောင်းတွင်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီဟု စစ်ကိုင်းတိုင်းဒေသကြီး သတ္တုနှင့်သစ်တောစွမ်းအင်ဝန်ကြီး ဦးသန်းထိုက်က မဇ္ဈိမ၏မေး မြန်းမှုကို ဖြေကြားသည်။

“တရားမ၀င်လုပ်တဲ့ တူးဖော်သူတွေကို ပထမအဆင့်အနေနဲ့ ပစ္စည်းသိမ်းတယ်။ သတိပေးတယ်။ မှတ် တမ်းလုပ်ထားပြီး ဒုတိယအကြိမ်တွေ့လို့ရှိရင် သတ္တုတွင်းဥပဒေ ၃၀(ခ)အရ အရေးယူဆောင်ရွက်ပါ တယ်။ မတ်လ ၃ ရက်နေ့ကနေစပြီး အရှိန်မြှင့် ဖမ်းဆီးမှုတွေလုပ်နေပါတယ်”ဟု ဦးသန်းထိုက်က ဆို သည်။

စစ်ကိုင်းတိုင်းအတွင်း တွင်းထွက်သယံဇာတများ တူးဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိလာစေရန် သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများကို လေ့လာရန်အတွက် စစ်ကိုင်းတိုင်းအတွင်းရှိ အထက်ချင်းတွင်းလူငယ် များကွန်ရက်အနေဖြင့် တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးဌာနသို့ လေ့လာခွင့်ရရန် ဧပြီလအတွင်း စာဖြင့် တင်ပြတောင်းဆိုသွားမည်ဟုလည်း အထက်ချင်းတွင်းလူငယ်များကွန်ရက် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာဖို့အတွက် နိုင်ငံတော်သမ္မတကိုယ်တိုင်က EITI အဖွဲ့ ၀င်နိုင်ငံဖြစ်အောင် အားပေးတယ်။ အဲတော့ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့စည်းအနေနဲ့ တိုင်းသတ္တု တွင်းဝန်ကြီးဌာနကို စစ်ဆေးလေ့လာဖို့ တင်ပြတယ်။ မရရင် ပြည်ထောင်စုသတ္တုအဆင့်၊ သတ္တုတွင်းဝန် ကြီးဌာနအထိ တက်ပြီး တောင်းဆိုသွားမယ်”ဟု အထက်ချင်းတွင်းအဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

No comments: