Saturday, March 29, 2014

SNDP လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအ၀င် အဖွဲ့ဝင် တစ်ထောင်ကျော်ပါ နုတ်ထွက်ဟုဆို

ဂျွန်ချစ်ငြိမ်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သုံးဦးသည် ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်သုံးဦးက မတ်လ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းစံဖေနှင့် ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းသန်းမောင်တို့ဖြစ်ပြီး ၎င်းတို့ပါတီမှ နုတ်ထွက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ရှိ ကလပ်စစ်စ်စားသောက်ဆိုင်တွင် မီဒီယာတွေ့ဆုံပွဲပြု လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရှမ်းအရှေ့ပိုင်းမှာ မတ်လဆန်းက ရှမ်းရှေ့ပိုင်းခေါင်းဆောင်က ဥက္ကဋ္ဌန်ကြားချက်နဲ့ မြို့နယ်ရုံးခွဲ လာဖွင့်တယ်။ မြို့နယ်အမှုဆောင်၂၁ ဦးလုံးကို အသိမပေးဘဲ ဖွင့်သွားတဲ့အတွက် မလိုအပ်တော့ဘူးလို့ ယူဆရတဲ့အတွက် နှုတ်ထွက်ရခြင်းဖြစ်တယ်”ဟု ဦးစိုင်းဝင်းမြတ်ဦးက မဇ်္ဈိမကို ပြောသည်။

၎င်းနှင့်အတူ မိုင်းတုံမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ ၂၁ ဦး ရှိသည့်အနက် ၁၄ ဦးက နုတ်ထွက်စာတင်ပြီး အခြားပါတီဝင် တစ်ထောင်ကျော်ပါ နုတ်ထွက်လိုက်ပြီဖြစ်သည်ဟု ဦးစိုင်းဝင်းမြတ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေက “SNDP ပါတီရဲ့ ၁၄ ယူနစ်ကို အခြေခံထားတဲ့ သဘောထားဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပင်လုံစာချုပ် (၈)ပြည်နယ်မူနဲ့ ဆန့်ကျင်နေတဲ့အတွက် အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းပြီး ပါတီဆိုင်းဘုတ်လည်း ဖြုတ်ချလိုက်ပြီး နုတ်ထွက်ခြင်းဖြစ်တယ်”ဟု ဆိုသည်။

“ကျွန်တော့်အနေနဲ့ မိခင်ပါတီတစ်ခုဖြစ်တဲ့ ကျားခေါင်းပါတီ SNLD ကို ပြန်လည်ဝင်ရောက်ပြီး လက်တွဲ ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မဲဆန္ဒ နယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ၂၀၁၀ ရွေးကောက်ပွဲကာလတွင် SNDP အတွက် အောင်မြင်နိုင်ရန် ဦးဆောင်ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် SNDP ဥက္ကဋ္ဌ က တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်နိုင် ၀င်ရောက်ယှဉ်ပြိုင်ရန်ခွင့်မပြုဘဲ တက္ကသိုလ်ဘွဲ့ရမှဆိုသည့် အဟန့်အတားဖြစ်နေသည့်အ တွက် နုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါတီမှနုတ်ထွက်လိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး နုတ်ထွက်ခဲ့သည့် မတ်လ၂၆ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ပြီးဖြစ်သည်ဟု ၎င်းတို့သုံးဦးက ရှင်းလင်းပြောကြားသည်။

SNDP ပါတီဝင်အဖြစ်မှ နုတ်ထွက်ရခြင်းနှင့်ပတ်သက်ပြီး နုတ်ထွက်သူ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ ဘုံသဘောတူညီချက်ဖြစ်သည့် အဓိကအကြောင်းရင်း တစ်ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖိအားပေးခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

နုတ်ထွက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် SNLD ပါတီနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပြီး မိမိတို့ဒေသခံ တိုင်းရင်းသားများ၏ အကျိုးအတွက် SNLD ကို ဦးစားပေးကူညီသွားမည်ဟုလည်း ၎င်းတို့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

SNDP (ကျားဖြူ)ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သုံးဦး ပါတီမှ နုတ်ထွက်မှုနှင့်ပတ်သက်ပြီး အဆိုပါ ပါတီ၏ သဘောထား မှတ်ချက် သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

No comments: