Sunday, March 30, 2014

မီတာခတိုးမြှင့်ကောက်ခံမှုကိစ္စ ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့သူများ ချက်ချင်း ဖမ်းဆီးခံရ

မျိုးသန့်

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့် နှင့်အဖွဲ့က မန္တလေး ၇၈ လမ်း၊ ၃၃ လမ်းထောင့် ဒိုင်းမွန်းပလာဇာရှေ့တွင် ညနေ ၆ နာရီခွဲခန့်က ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့ရာ ချက်ချင်း ဖမ်းဆီးခံခဲ့ရသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုမပြု ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးတားမြစ်ခဲ့သော်လည်း အဆို ပါသတိပေး တားမြစ်ချက်ကို လက်မခံသဖြင့် နေရာတွင်ပင် ချက်ချင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းအောင်မြင့်နှင့် လိုက်ပါလာခဲ့သော မခက်ခက်ဇော် အပါအ၀င် လေးဦးဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုညံ့ဖျင်းသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းအပေါ် စာနာစိတ် မရှိသော ပြည်ထောင်စုအစိုးရ အလိုမရှိ၊ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်း အလိုမရှိ၊ ၂၄ နာရီ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဒို့အရေး စသည့် ကြွေးကြော်သံလေးခုကို ဟစ် ကြွေးခဲ့သည်။

ပြည်သူများမှာ လျှပ်စစ်မီးနှင့်စပ်လျဉ်း၍ အပြည့်အ၀မခံစားရခြင်း၊ အသေးစား အလတ်စားလုပ်ငန်းရှင်နှင့် အကြီးစားလုပ်ငန်းရှင်များမှာ ကိုယ်ပိုင်မီးစက်ဖြင့်သာ အသုံးပြုနေရခြင်း၊ ဖေဖော်ဝါရီလ ၁၈ ရက် ပြည် ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော မီတာခ တိုးမြှင့်သည့်ကိစ္စမှာ စက်မှုလုပ်ငန်းရှင်အချို့သာ ထိခိုက်နစ်နာမည်ဟု ရှင်းလင်းထုတ်ပြန်ခြင်းသည် မှန်ကန်သည့်တွက်ချက်မှုမဟုတ်ဘဲ ထုတ်လုပ်မှု စရိတ် တိုးမြင့်လာမှုကြောင့် ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းများသာလျှင် လူနေမှုစရိတ် တိုးမြင့်လာပြီး ကုန် ဈေးနှုန်းကြီးမြင့်ဒဏ်ကို ခံစားကြရမည်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆိုသည်။

အထွေထွေအကျပ်အတည်းဆိုက်ပြီး ဆင်းရဲဒုက္ခရောက်နေကြရသော ပြည်သူနှင့် ပြည်သူ့ဝန်ထမ်းများ၏ အကျိုးစီးပွားကို စာနာမှုမရှိသော၊ စီမံခန့်ခွဲမှုညံ့ဖျင်းသော၊ အုပ်ချုပ်မှုညံ့ဖျင်းသော အစိုးရအဖြစ် လည်းကောင်း၊ အခွန်တိမ်းရှောင်နေသော ခရိုနီများနှင့် မသမာစီးပွားရေးဖြင့် ကြီးပွားချမ်းသာနေကြသော ဗိုလ် ချုပ်ကြီးမိသားစုအချို့နှင့် အစိုးရအဖွဲ့ကိုကာကွယ်ပေးနေသော ပြည်ထောင်စုအစိုးရအဖွဲ့အား လုံးဝ အယုံအကြည် မရှိကြောင်းMovement for Democracy Current Forces (M.D.C.F) ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မတ်လ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများ ပိုမိုသိရှိစေရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

No comments: