Friday, March 28, 2014

ဖွဲ့စည်းပုံပြင်ရန် ဆန္ဒပြသည့် ၈၈ မျိုးဆက်ကျောင်းသားများ ခံဝန်ထိုးရန် သတိပေးခံရ

ဖိုးစိုးသူ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ပခုက္ကူမြို့ဒေသခံများနှင့် ပူးပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များဖြစ်ကြသော ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူဒေသခံနှစ်ဦးကို ပခုက္ကူရဲစခန်းက ခံဝန်လက်မှတ်ထိုးပေးရန် သတိပေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြပွဲအတွက် ပခုက္ကူဆန္ဒပြခေါင်းဆောင်သူများက ခွင့်ပြုချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆန္ဒပြခွင့်ကို ပယ်ချခဲ့ပြီး ပခုက္ကူဒေသခံများနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းအဖွဲ့ ၀င်များက မတ်လ ၂၆ ရက် တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကိုပြုံးချိုအပါအ၀င် ငါးဦးစလုံးက ခံဝန်မထိုးပါ၊ အာမခံမယူပါ၊ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ”ဟု ဦးအံ့ဘွယ်ကျော်၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်းက “ဆန္ဒပြတဲ့လူတွေက ခွင့်ပြုချက်မရဘဲနဲ့ ဆန္ဒပြတာဖြစ်လို့ ပုဒ်မ ၁၈ နဲ့ငြိနေတယ်။ ဒါကြောင့် ဒီလူတွေကိုခေါ်ပြီး သူတို့တွေရဲ့ကိုယ်ရေးအကြောင်း အရာတွေကို စိစစ်နေပါတယ်။ ဘယ်လို အရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုတော့ ပြောလို့မရသေး ပါဘူး”ဟု မြို့မရဲစခန်း ဒု-ရဲအုပ်ဦးဋ္ဌေးဝင်းက ဖြေကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ပခုက္ကူဒေသခံပြည်သူ ၃၀၀ ခန့် ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ ကြပြီး ဆန္ဒဖော်ထုတ်စဉ် သက်ဆိုင်ရာအာဏာပိုင်များက တားဆီးသတိပေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ပခုက္ကူဒေသခံ ဦးမြင့်အောင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် မကွေးမြို့တွင် မတ်လ ၂၅ ရက်တွင် ဆန္ဒဖော်ထုတ်သော ခေါင်းဆောင်များကို သက်ဆိုင်ရာအာဏာပိုင်များက ခေါ်ယူစစ်ဆေးခဲ့သေးသည်။ မြန်မာနိုင်ငံအနှံ့အပြား တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ကြွလှုပ် ရှားသူများက မြို့နယ်အသီးသီးတွင် ဆန္ဒပြတောင်းဆိုလျက်ရှိနေသည်။

No comments: