Sunday, March 30, 2014

မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံက တားဆီးမှုမျိုး မဖြစ်စေလိုဟု သမ္မတပြော

နန်းလွင်နှင်းပွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်တားမြစ်မှုမျိုး မဖြစ်စေလိုဟု သမ္မတဦးသိန်းစိန် မတ်လ ၂၉ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

"နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးကိစ္စ ဖြစ်တယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ အမြင်သဘောထားကတော့ မည်သည့် နိုင်ငံသားတိုင်းရင်းသားမဆို ဖွဲ့စည်းပုံက မြန်မာနိုင်ငံကိုနိုင်ငံသားအရ ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို၊ တစ်ဖက်ကလည်း မိမိတို့အမျိုးသားအကျိုးစီးပွား ၌ မိမိတို့ နိုင်ငံ အချုပ်အခြာအာဏာမထိပါးစေမယ့် သင့်တင့်လျောက်ပတ်တဲ့ ကာကွယ်ပေးနိုင်တဲ့ အခြေခံမူများရှိဖို့လည်း လိုပါတယ်"ဟု သမ္မတက သူ၏ အမြင်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်က ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အပိုင်းသုံးပိုင်းခွဲကာ ပြောကြားခဲ့သည်။ ပထမပိုင်း အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိသည့် သဘောတူညီချက်များအတွက် လိုအပ်သလို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ဆောင်ရ မည် ဖြစ်သည်။

ဒုတိယ အနေဖြင့် ဒီမိုကရေစီစံနှုန်းများ တန်ဖိုးများ ပြည့်မှီရန် လိုအပ်သလို ပြင်ဆင်ရန်နှင့် တတိယအပိုင်းအခြေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသားများ၏ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတာမျိုးမဖြစ်စေရန် ဟု သုံးပိုင်းခွဲ၍ ပြောကြားသွားသည်။

"နိုင်ငံရေး ပါတီတွေအနေနဲ့ လိုလားချက် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ကိုနိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။"ဟု သမ္မတက ပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းလျှက်ရှိပြီး ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ၅၉(ဃ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အဓိကကန့်သတ်ထားသည့် ပုဒ်မ ၄၃၆တို့ကို ပြင်ဆင်ရန် မြို့နယ်များတွင် ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျှက် ရှိသည်။

လွှတ်တော်ထဲ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ'တစ်ရပ်ကို ဖွဲ့စည်းကာ လုပ်ဆောင်လျှက်ရှိသည်။

ယင်းကော်မတီ၏လုပ်ငန်းတာဝန်များကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီး ဆောင်ရွက်ရန်ပြည်ထောင်စုလွှတ်တော် နာယကက ညွှန်ကြားထားသည်။

ဖေဖော်ဝါရီ ၁၈ တွင် သူရဦး ရွှေမန်းလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့်စာတွင် ပုဒ်မ ၄၃၆ ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အခန်းကို စောလျင်စွာ သုံးသပ်ရန်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိရန် စသဖြင့် အခြေခံရမည့်မူများ ပါဝင်သည်။

No comments: