Saturday, March 29, 2014

ကျားဖြူ SNDP ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် သုံးဦး ပါတီ မှ နှုတ်ထွက်

သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ခေါ် ကျားဖြူပါတီ၏ ပြည်နယ် အမတ်သုံးဦး ပါတီမှ နှုတ်ထွက်သည့် အကြောင်း ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ သတင်းစာ ရှင်းပွဲ တရပ် ကျင်းပခဲ့ သည်။

မတ်ခ်ျလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျားဖြူပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ကျောက်မဲမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် စိုင်းသန်းမောင်၊ မိုင်းရယ်မြို့ အမှတ် (၁) မဲဆန္ဒနယ်မှ စိုင်းစံဖေခေါ် စိုင်းစင်ပန်ဖ နှင့် မိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် စိုင်းဝင်းမြတ်ဦးတို့က တောင်ကြီးမြို့ရှိ သတင်း ထောက်များအား ဖိတ်ကြားကာ ပါတီမှ နှုတ်ထွက် ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။

“ကျနော်တို့ သုံးယောက် ပါတီကနေ နှုတ်ထွက်တယ် ဆိုတဲ့အကြောင်းကို မနေ့က (မတ်ခ်ျ ၂၆ ရက် နေ့) ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းစာ ပေးပို့တယ်။ နှုတ်ထွက်ရခြင်းရဲ့ ရည်ရွယ်ချက်က ပါတီ နှစ်ခု ပေါင်းစည်းဖို့ ဖိအားပေးဖို့ပါဘဲ။ ကျနော်တို့ သုံးယောက်လုံး ကျားခေါင်းပါတီ နဲ့ ပေါင်းပြီး အလုပ်လုပ်သွားမယ်” - ဟု မိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် စိုင်းဝင်းမြတ်ဦး ပြောသည်။

နှုတ်ထွက်သူများအားလုံးသည် ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ပေါင်းစည်းသွားမည်ဟုလည်း စိုင်းဝင်းမြတ်ဦးက ပြောသည်။

စိုင်းဝင်းမြတ်ဦးအား ပါတီမှ နှုတ်ထွက်စေသည့်အကြောင်းရင်းတရပ်မှာ - ဗဟိုကော်မတီ ညွှန်ကြား ချက်ဖြင့် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စု ကျားဖြူပါတီ ရုံးခွဲအား ပြီးခဲ့သည့်အပတ်က ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုရုံးဖွင့်လှစ်ရာတွင် မိုင်းတုံမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဖြစ်သည့် စိုင်းဝင်းမြတ်ဦး နှင့် မြို့နယ်ကော်မတီဝင်များအား ညှိနှိုင်းတိုင်ပင်ခြင်းမရှိသည့်အပြင် ရုံးဖွင့်လှစ်သွားသည့် ကိစ္စပင် မသိလိုက်သောကြောင့် စိုင်းဝင်းမြတ်ဦးတဦးတည်းပင်မဟုတ်ဘဲ မိုင်းတုံမြို့နယ် အီးစီကော်မတီဝင် များ အားလုံးကပါ နှုတ်ထွက်မည်ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ကျားဖြူပါတီဝင် စိုင်းလုံက ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP သည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအရ အနိုင်ရ ကိုယ်စားလှယ် ၅၈ ဦးရှိသည့် အနက် လက်ရှိတွင် သေဆုံးသူ နှစ်ဦး နှင့် နှုတ်ထွက်သူသုံးဦးရှိနေပါသည်။

No comments: