Friday, March 28, 2014

Samsung Mobile Tour အစီအစဉ် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်သွားမည်

မောင်မန်း

ရန်ကုန်နှင့်မန္တလေးမြို့များတွင် Samsung Mobile Tour အစီအစဉ်များကို Samsung ကုမ္ပဏီကပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ လှည့်လည်ရောင်းချမည့် အစီအစဉ်တွင် ဆိုင်တစ်ဆိုင်လျှင် နှစ်ရက်နှုန်းဖြင့် ရောင်းချသွားမည်ဟု Samsung၏ အကြီးတန်းဈေးကွက်ရှာဖွေရေးအရာရှိ ကိုသီဟလုလင်ကပြောသည်။

ကိုသီဟလုလင်က “ Samsung Mobile Tour အစီအစဉ်ကို ရန်ကုန်နဲ့မန္တလေး နှစ်ဖွဲ့ခွဲပြီး လုပ်သွားပါမယ်။ သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ နှစ်ရက်ကို တစ်ဆိုင်နှုန်းနဲ့ လှည့်လည်ရောင်းချပေးသွားမှာပါ။” ဟုဆိုသည်။

Samsung Mobile Tour အစီအစဉ်တွင် ရန်ကုန် မြို့ပြင်နေရာများနှင့် မန္တလေးမြို့တွင်းနှင့် မြို့ပြင်ရှိ သတ်မှတ်ထားသည့် ဆိုင်များတွင် ကျပ်နှစ်သောင်းမှ သုံးသိန်း အထိတန်ဖိုးရှိ Samsung ဖုန်းများကို ရောင်းချပေးသွားမည်ဖြစ်သည်ဟု ကိုသီဟလုလင်က ဆိုသည်။

၎င်းက “ရန်ကုန်ဆို မြို့ပြင်ဧရိယာတွေနဲ့ မန္တလေးမှာ မြို့ပြင်နဲ့ မြို့တွင်းက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းချပေးသွားပါမယ်။ ရန်ကုန်မှာဆို ဆိုင် ၁၆ဆိုင်မှာရောင်းပါမယ်။ မန္တလေးမှာ ၁ဝ ဆိုင်မှာရောင်း ပေးသွားပါမယ်” ဟုဆိုသည်။

အဆိုပါ Samsung Mobile Tour အစီအစဉ်တွင် ဝယ်ယူသူများအတွက် တစ်ရက်လျှင် Galaxy Tab Lite တစ်လုံးကျ မဲဖောက်ပေးသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာပြည်တွင်းဈေးကွက်သို့ ဧပြီလအတွင်း Galaxy S5 အပါအဝင် Samsung ဟန်းဆက်အသစ်များ ဝင်ရောက်လာရန်ရှိပြီး Galaxy S3 Neo ၊ Galaxy Grand Neo စသည့် ဟန်းဆက်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါ ဟန်းဆက်များ၏ဈေးနှုန်းများကို လာမည့်အပါတ်အတွင်း သိရှိနိုင်မည်ဖြစ်သည်။

No comments: