Sunday, March 30, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဟု ကာချုပ်ပြော

ဝင်းကိုကိုလတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ကြောင်းနှင့် ပြင်ဆင်ရန်လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း (၁၂)အရ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်၂၇ ရက် တွင် ပြောဆိုလိုက်သည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ကျင်းပသည့် ၆၉ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“လူပုဂ်္ဂိုလ်တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသားလူမျိုးစု တစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ဘူး” ဟု ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ထို့အပြင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်” ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အမျိုးသားညီလာခံက အခြေခံမူ ၁၀၄ ချက်ချမှတ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ လူ ဦးရေ ၅၇ ဒသမ ၃ သန်း၊ မဲပေးခွင့်ရှိသူ ၂၇ ဒသမ ၂၈ သန်းအနက် မဲပေးသူ ၂၄ ဒသမ ၇၆ရ သန်း ထောက်ခံခဲ့သည့်အတွက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံ အတည်ပြုခဲ့သည်ဟု ၎င်းက ဆက်ပြော သည်။

တိုင်းနှင့်ပြည်နယ်များအတွက် ခွဲဝေထားသည့် ဥပဒေပြုစာရင်းနှင့် အခွင့်အရေးများနှင့်ပတ်သက်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၉(က)နှင့် အညီ ဆောင်ရွက်နိုင်ရန် အဓိက အရေးကြီးကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ပြ ပြောဆိုထားသည်။

အခြေခံဥပဒေအခန်း (၁)၊ နိုင်ငံတော် အခြေခံမူများနှင့် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များတွင် လက်ရှိဒီမိုကရေစီလိုအပ်ချက်များနှင့် သဟဇာတဖြစ်အောင် ပြဋ္ဌာန်းပြီးဖြစ် သည့်အပြင် အခြေခံဥပဒေပုဒ်မ ၁၁(က) တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြဋ္ဌာန်းထားသည် ကို တွေ့ရသည်ဟု ဆိုသည်။

အချုပ်အခြာအာဏာ ခက်မသုံးဖြာကို နည်းလမ်းတကျ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းကို အဟန့်အတား ဖြစ်စေမည့် ကိစ္စများ၊ အခြေအနေအချိန်အခါအရ အခြေခံလိုအပ်ချက်များနှင့် သဟ ဇာတမဖြစ်သည်များ ရှိလာခဲ့ပါက ပြင်ဆင်ရန် လိုအပ်လာရင်လည်း အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က “ကာချုပ်ပြောပုံအရဆိုရင် ပြည်နယ်၊ တိုင်း ၁၄ ခု ပဲအသိအမှတ်ပြုမယ်။ ရှစ်ပြည်နယ်မူတို့၊ “၀”ပြည်နယ်တောင်းတာတို့ကို လက်မခံတဲ့သဘော ရပါတယ်။ ကျွန်တော်တို့ကတော့ လူမျိုးစုပေါ်အခြေခံတဲ့၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင် စုကြီးဖြစ်ဖို့ ပိုလိုလားပါတယ်”ဟု ဆိုသည်။

ကာကွယ်ရေးဦးစီးချုပ်၏ ဖွဲ့စည်းပုံပြင်ရေးသဘောထားနှင့်ပတ်သက်ပြီး မဇ္ဈိမ၏မေးမြန်းမှုကို ကယန်း ပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က “၂၀၀၈ အခြေခံဥပဒေကို မပြင်ချင်ဘဲ ပြည်နယ်၊ တိုင်း အခွင့်အရေးလောက် ပေးတာဟာ စစ်အာဏာရှင်စနစ်ကို မစွန့်လွှတ်သေးတာကို ပြ တယ်လို့ မြင်တယ်။ စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုတာ ပြောတဲ့သဘောပါပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

No comments: