Monday, March 31, 2014

သန်းခေါင်စာရင်းကောက်ရာတွင် လူမျိုးအမည် လွတ်လပ်စွာပြောဆိုခွင့်ပြုရန် UKသံရုံးထုတ်ပြန်

မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ မတ်လ ၂၉ရက် ည ၁ဝနာရီခန့်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးက အရေးပေါ် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် သန်းခေါင်စာရင်းပုံစံတွင် အချက်အလက်ဖြည့်သွင်းဖြေကြားသူအားလုံးကို မိမိလူမျိုးအား လွတ်လပ်စွာဖော်ပြခွင့်ပေးဖို့ အပါအဝင် နိုင်ငံတကာ စံနှုန်းနှင့်အညီ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက ကတိကဝတ်ပြုထားသည်ဟု ပါရှိသည်။

“ဒါပေမဲ့ လတ်တလော သတင်းတွေအရ၊ အဲဒီကတိကဝတ်ကို အစိုးရက ဖြည့်ဆည်းချင်မှ ဖြည့်ဆည်းနိုင်မှာလို့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုမှာ လူတိုင်း ခြိမ်းခြောက်မခံရဘဲ လွတ်လွတ်လပ်လပ် ပါဝင်နိုင်မယ့် အခြေအနေတွေကို အစိုးရက ဖန်တီးပေးဖို့ အရေးကြီးပါတယ်”ဟု ရေးသားထားသည်။

ထို့အပြင် ဗြိတိန်သံရုံးအနေဖြင့်လည်း ရခိုင်ပြည်နယ်အရေးကို စိုးရိမ်သည်ဟု ဆိုထားသည်။

လက်ရှိ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်ထားသည်။ ထို့အပြင် သန်းခေါင် စာရင်း ကောက်ယူရာ၌ ရိုဟင်ဂျာဟူသော အမည်ကို ထည့်သွင်းခြင်း မပြုဟုတရားဝင်စာထုတ်ပေးရန် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီကို တောင်းဆိုရာ လက်ခံသော်လည်း တရားဝင်စာထုတ်မပေးသဖြင့် ဆက်လက် သပိတ်မှောက်မည်ဟု ရခိုင်သန်းကောင်စာရင်း သပိတ်မှောက်ရေး ကော်မတီက ဦးဆောင်သူက ပြောသည်။

No comments: