Sunday, March 30, 2014

ဒါကာထရီဗြွန်းသတင်းစာရေးသားမှု သံဃာတော်များ ရှုတ်ချ

အောင်ကိုဦး

မန္တလေးမြို့တွင် အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်(မန္တလေး)မှ ဆရာတော်များ ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် နေ့စဉ်သတင်းစာဖြစ်သော Dhaka Tribune သတင်းစာ ရေးသားမှု ကန့်ကွက်ရှုတ်ချပွဲကို မတ်လ၂၇ရက် မွန်းလွဲ ၁ နာရီတွင် ချမ်းမြသာစည်မြို့နယ် ဘုရားကြီးတောင် ဘက်ရှိ ဦးပွားဘုရားမှစတင်၍ စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် နေ့စဉ်သတင်းစာ ဒါကာထရီဗြွန်းမှ မတ်လ၂၀ ရက်ထုတ် သတင်းစာတွင် စစ်တွေမောင်တောကို လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းသင့်သည် ဟူသော ရေးသားမှုကို ကန့်ကွက်ရှုတ်ချခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီ မရှိ။ သန်းခေါင်စာရင်း ထည့်သွင်းခြင်းကို လုံးဝ ကန့်ကွက်သည်။ ရခိုင်တိုင်းရင်းသားများ တောင်းဆိုချက်များကို အထူးထောက်ခံသည် စသည့် စာသားများပါသော ပိုစတာများ ကိုင်ဆွဲပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ရခိုင်ပြည်ကြီးငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ မြန် မာ့ရန်သူ၊ ဒို့ရန်သူ။ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိ၊ လုံးဝမရှိ။ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ် ပစ်” ဟု ဟစ်ကြွေးခဲ့ကြသည်။

“ရိုဟင်ဂျာကိုလက်ခံသူ မြန်မာ့ရန်သူ၊ ဒို့ရန်သူ။ ရိုဟင်ဂျာ အားပေးအားမြှောက် အမျိုးသားသစ္စာဖောက်။ ဘင်္ဂါလီစာရင်းစစ် စာရင်းကောက် အလိုမရှိ၊ အလိုမရှိ။ ပြည်တွင်းရေးကို စွက်ဖက်သူ မြန်မာ့ရန်သူ၊ ဒို့ရန်သူ” ဟူသော ကြွေးကြော်သံများကိုလည်း ဟစ်ကြွေးကြသည်။

သံဃာအင်အား ၃၀၀ ခန့်တို့သည် ဦးပွားဘုရားမှ အနောက်ဆင်း၍ ၈၄ လမ်း စစ်ကိုင်း-မန္တလေးလမ်းမှ ၄၅ လမ်းအရှေ့တက်ပြီး ၈၁ လမ်းမှတောင်ဘက်သို့ ချိုးကာ ဘုရားကြီးအရှေ့ဘက်မှ တောင်ဘက်သို့ တက်ပြီး ဦးပွားခုံးကျော်တံတားကိုဖြတ်ကာ မွန်းလွဲ၂ နာရီ ၃၀ မိနစ်တွင် ဦးပွားဘုရားဝင်း၌ အောင်မြင်စွာ အဆုံးသတ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်(မန္တလေး)မှ သြ၀ါဒစရိယ ဆရာတော်ဦးပညာနန္ဒက “အမေရိ ကန် အောက်လွှတ်တော်မှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီတွေကို သန်းခေါင်စာရင်းမှာ ထည့်သွင်းဖို့ ဖိအားတွေပေး နေတယ်။ ဒါကြောင့် ဒီနေ့ ဆန္ဒဖော်ထုတ်တာပါ”ဟု ဆရာတော်က မဇ္ဈိမကို မိန့်ကြားသည်။

ဆက်လက်၍ ဆရာတော်က “သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ ဘင်္ဂါလီမထည့်ဖို့ ကန့်ကွက်ပါတယ်။ ဘုန်း ကြီးတို့ကမှ အခုလို မကန့်ကွက်ဘူးဆိုရင် သူတို့က မြန်မာနိုင်ငံကို ၀ါးမြိုသွားပါလိမ့်မယ်”ဟု မိန့်သည်။

ဂဠုန်နီဆရာတော် ဦးကာဝိယက “ဘုန်းကြီးတို့က လာပြီး ထိန်းတဲ့သဘောပါ။ ပြဿနာမဖြစ်အောင် ထိန်း ပေးသွားမယ်။ အခုလိုလုပ်တာ အားပေးတယ်။ ငြိမ်နေရင်တော့ ကြာရင် ကျွန်ဖြစ်လိမ့်မယ်”ဟု မဇ္ဈိမကို မိန့်သည်။

ဆန္ဒပြသံဃာတော်များသည် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် သန်းခေါင် စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသော အမည်ကို ထည့်သွင်းကောက်ယူမှု မပြုရန် ရခိုင်တစ်ပြည် လုံးက ဆန္ဒပြနေမှုကို အပြည့်အ၀ထောက်ခံကြောင်း၊ ရိုဟင်ဂျာအမည် ထည့်သွင်းနိုင်ရန် လုပ်ဆောင်နေ မှုမှန်သမျှကို ပြည်ထောင်စု တိုင်းရင်းသား ရဟန်းရှင်လူအများတို့က ကန့်ကွက်နေကြောင်း ရိုဟင်ဂျာဟူ သောအမည်ကို ကုတ်နံပါတ်(၉၁၄)ဖြင့် ထည့်သွင်းကောက်ခံမည်ကို ကန့်ကွက်ကြောင်း ပါဝင်သည်။

ဆန္ဒပြမှုကို ခွင့်ပြုမိန့်တင်၍ လုပ်ဆောင်ခြင်းမဟုတ်သော်လည်း အာဏာပိုင်များက ဟန့်တားမှုများ မလုပ်ခဲ့ပေ။

No comments: