နန်းလွင်နှင်းပွင့်
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဧပြီလ ၁၂ ရက်မှ ၁၅ရက်အတွင်း နိုင်ငံရေးနှင့် သက်ဆိုင်သည့် သံချပ်ထိုး သီချင်းသီဆိုမှုများ၊ သရုပ်ဖော် ပြဇာတ်ကပြမှုများကို မဏ္ဍပ် ၂၀ ကျော်တွင် လိုက်လံ ဖျော်ဖြေမည်ဟု တကသ (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က မဇ္ဈိမကို ပြောသည်။
“သင်္ကြန်တွင်းမှာ ဖျော်ဖြေမယ့် သံချပ်တွေက ကျွန်တော်တို့ကျောင်းသားတွေ ကိုယ်တိုင်ရေးစပ်ထားတာပါ၊ စာသားတွေထဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ၊ ပညာရေးစနစ်တွေ၊ ခေတ်ကို ထင်ဟပ်စေတဲ့ စကားလုံးတွေပါ" ဟု ကိုစည်သူမောင်က ပြောသည်။
ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများနှင့် နယ်တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း ၆၀ ကျော်ဖြင့် လှည့်လည်ဖျော်ဖြေသွားမည်ဟု ဆိုသည်။ ဧပြီလ ၁၂ ရက်တွင် မှော်ဘီရှိ ရွှေည၀ါ ဆရာတော်ကျောင်းသို့ သွားရောက်ဖျော်ဖြေမည်ဖြစ်ပြီး ရန်ကင်း၊ ဗဟန်း၊ သင်္ကန်းကျွန်းရှိ မဏ္ဍပ်များတွင် လှည့်လည် ဖျော်ဖြေသွားမည်ဟုဆိုသည်။
သမဂ္ဂ အဖွဲ့မှ ကျောင်းသားများအနေဖြင့် သံချပ်ဖျော်ဖြေရာတွင် မဏ္ဍပ်တွင် ဖျော်ဖြေရန်စီစဉ်ထားသည်များ ရှိသကဲ့သို့ မဏ္ဍပ်မပါရှိဘဲ ဖျော်ဖြေမှုများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ “ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့"အား ကူညီသွားမည်ဟု ဆိုသည်။
သံချပ်ကပြရန် ရေးသားထားသည့် သီချင်း စာသားများကို ဆင်ဆာတင်ခြင်း နှင့်စီစစ်ရေးထံသို့ တင်ပြခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ဟု ကိုစည်သူမောင်က ပြောသည်။
No comments:
Post a Comment