Friday, April 25, 2014

ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ငန်းစဉ် အပြီးသတ်ရန် နေ့စဉ် စည်းဝေးမည်

ဉဏ်လှိုင်လင်း

ပြည်ထောင်စုလွှတ်တော် ပြန်မစမီ ရက်သတ္တပတ်နှစ်ပတ်အလိုမှစ၍ နေ့စဉ်စည်းဝေးကာ မည်သည့်ပြ ဋ္ဌာန်းချက်များ ဦးစားပေးပြင်မည်ကို ဆုံးဖြတ်မည်ဟု ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင်များက ပြောသည်။

မေလ ၂၆ ရက်တွင် ပြန်လည်စတင်မည်ဟု အကြမ်းဖျင်းသတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော် မတိုင်မီ လဆန်း၌ပင် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏လုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်သည်။

“ဒီလိုပဲ အားလုံးသဘောတူထားကြတယ်။ လွှတ်တော်အစည်းအဝေးမစခင် ကြိုတွေ့ကြမယ်။ ဆွေးနွေး ကြမယ်ပေါ့”ဟု အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းသည် ကော်မတီဖွဲ့စည်းအပြီး သုံးလခန့်ကြာချိန်အထိ ရလဒ်တစ်စုံတစ်ရာ မထွက်သေးသည်ကို အဆုံးသတ်ရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။

“ဘယ်ပုဒ်မတွေက စမယ်ဆိုတာကို အတည်ပြု မဆုံးဖြတ်နိုင်သေးပါဘူး”ဟု အဖွဲ့ဝင်တစ်ဦးက ပြော သည်။ ကော်မတီ စည်းမျဉ်းများအရ ၎င်းတို့သည် တရားဝင် ထုတ်ဖော်ပြောဆိုခွင့် မရရှိထားပေ။

ဖေဖော်ဝါရီလအတွင်း ကော်မတီ စတင်ဖွဲ့စည်းအပြီး တစ်ပတ်တစ်ကြိမ်နှုန်း ဖြင့် ငါးကြိမ်တွေ့ဆုံဆွေး နွေးခဲ့သော်လည်း ယနေ့တိုင်လုပ်ငန်းစဉ်ပင် မချမှတ်နိုင်သေး ခြင်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင်ကပင် ကော်မတီလုပ်ငန်းဆိုင်ရာ အကျိုးရလဒ် တစ်စုံတစ်ရာမထွက် သေးဟု ဆိုသည်။

“ဇဝေဇ၀ါဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ လုပ်တော့လုပ်နေတယ်။ ရလဒ်အကျိုးကတော့ မတွေ့ရသေးဘူး။ ဒီဟာတွေကလည်း ဘယ်မှာသွားပြီးတော့ အကျိုးသက်ရောက်နိုင်သလဲဆိုတော့ လူကြီးပိုင်းရဲ့ တွေ့ဆုံညှိနှိုင်းမှု (ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံပွဲကို ရည်ညွှန်း)မှာ အများကြီး မူတည်ပါတယ်”ဟု ၎င်းက မတ်လ ၂၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၄ ဦး၊ ဒု-ဗိုလ်မှူးကြီး နှင့် အထက်အဆင့် တပ်မ တော်သား ခုနစ်ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

“ပထမဆွေးနွေးမှုတွေထဲမှာ အများစု က ပုဒ်မ(၁)ကနေစပြီး အစဉ်အလိုက်ပြင်ဖို့ ဆိုပြီးတောင် ပြောကြ တယ်”ဟု ကော်မတီဝင်တစ်ဦးက ဆိုသည်။

မတ်လအတွင်း ဆွေးနွေးမှုအရမူ လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မ ၄၃၆ (ခ)နှင့် အကျုံးဝင်သော ပြဋ္ဌာန်းချက် များကို ဦးစွာပြင်ရန် အများစုက ဆန္ဒရှိနေသည်ဟု ကော်မ တီဝင်အချို့က ပြောသည်။ ယင်းတွင် တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ၏ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးဆိုင်ရာ အကြီးအကဲများ ခန့်အပ်ပိုင်ခွင့်နှင့် ဥပဒေပြုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အများအပြား ပါဝင်သည်။

သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲ (လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော် အပြင်လူထုဆန္ဒခံယူပွဲပါပြု လုပ် ထောက်ခံရန် လိုအပ်)စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသည်ဟု နိုင်ငံတကာကပါ ထောက်ပြထားသည့် ပုဒ်မ ၄၃၆(က)၊ ယင်းပုဒ်မနှင့် အကျုံးဝင်သော သမ္မတဖြစ်ခွင့်ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်၊ တပ်မ တော်၏ နိုင်ငံရေးတွင် ပါဝင်မှု အခန်းကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်တို့ မပါဝင်ပေ။

ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကော်မတီကို ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ခြောက် လအလို နောက်ဆုံးထား၍ လုပ်ငန်းများအဆုံးသတ်ရန် ညွှန်ကြားထားသည်။ ထို့ကြောင့်ကော်မတီသည် ယင်းကာလမတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ များကို ဥပဒေကြမ်းအဖြစ် ပြုစုတင်သွင်းရန် တာဝန်ရှိသည်။

No comments: