ကိုထွေး
ဧပြီလ ၁ ရက်နေ့ဟာ မြန်မာပြည်မှာ နေစဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုခဲ့တာ တနှစ်ရှိပြီ ဖြစ်သလို ဒီကာလထဲမှာ ထုတ်ဝေနေတဲ့ တချို့ နေ့စဉ်ထုတ် သတင်းစာတွေဟာ ရပ်နားခဲ့ရသလို စံတော်ချိန် နေစဉ်သတင်းစာကလည်း တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေပါတယ်။
ထုတ်ဝေခွင့်ရပြီး ပထမ ၄ လအတွင်းမှာ ရုန်းကန်ကြိုးစားခဲ့ရသလို နောက်ပိုင်းဈေးကွက်မှာတော့ စာဖတ် ပရိတ်သတ် လက်ခံတဲ့ အခြေအနေကို ရောက်လာပြီဖြစ်တယ်လို့ ဧပြီ ၁ရက်နေ့ တနှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့တဲ့ စံတော်ချိန် သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေက ပြောပါတယ်။
လာမယ့် ၂၀၁၅မှာ ရွေးကောက်ပွဲရှိတဲ့ အတွက် ပုဂ္ဂလိက သတင်းစာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးမြင့်လာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စံတော်ချိန်သတင်းစာဟာ စောင်ရေ ၆သောင်းနီးပါး ဖြန့်ချိနေတယ်လို့လည်း ဆိုပါတယ်။
ပုဂ္ဂလိက သတင်းစာတွေက လွတ်လွတ်လပ်လပ်အများကြီး ရုန်းကန်နိုင်ခွင့်မရသေးသလို ခရိုနီတွေနဲ့ ပတ်သက် ဆက်စပ်တဲ့သူတွေက သတင်းစာလောကထဲကို ၀င်လာတာတွေ အခွင့်ထူးခံတွေ ရှိနေသေးသရွေ့ ပုဂ္ဂလိက သတင်းစာတွေက ရုန်းကန်ရအုံးမှာ ဖြစ်တယ်လို့ Daily Eleven နေ့စဉ်သတင်းစာက အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့ကနေစတင်ပြီး ထုတ်ဝေမှု ဆိုင်းငံထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ Myanma Freedom Daily သတင်းစာ တည်ထောင်သူ ဦးသီဟစောကတော့ အရင်က သတင်းစာတွေဟာ သိန်းထောင်ဂဏာန်း ရင်းနှီးမြှုပ်နှံလာရာကနေ အခုတော့ သိန်းသောင်းနဲ့ချီ ရင်းနှီးမြှုပ်နှံလာပြီ ဖြစ်သလို မီဒီယာတွေမှာ ကုမ္ပဏီကြီးတွေက ၀င်ရောက်လာတယ်လို့ ပြောပါတယ်။
သတင်းစာထုတ်ဝေခဲ့တဲ့ ကာလအတွင်းမှာတော့ အင်္ဂလိပ်သတင်းစာ ဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့သူ ရဖို့နဲ့ အယ်ဒီတာရဖို့ ခက်ခဲသလို ဈေးကွက်ပိုင်းမှာလည်း စိန်ခေါ်မှုတွေ ရှိနေတယ်လို့သူက ပြောပါတယ်။
ရွှေနိုင်ငံသစ် သတင်းစာကို ထုတ်ဝေခဲ့တဲ့ ၀ါရင့် သတင်းစာ ဆရာကြီး ဖိုးသောကြာကတော့ သတင်းစာ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များသလို ကာမိအောင် မရောင်းနိုင်တဲ့အတွက် သတင်းစာမှာရှိတဲ့ ပညာရှင်တွေကို ပေးနိုင်တဲ့ လစာက အလွန်နည်းပေမယ့် ရတဲ့ ၀င်ငွေက ကုန်ကျစရိတ်ကို မကာမိဘူးလို့ ပြောပါတယ်။
အစိုးရသတင်းစာတွေက ပုဂ္ဂလိကတွေ မယှဉ်နိုင်တဲ့ဈေးနဲ့ ရောင်းချသလို သမ္မတ မိန့်ခွန်းဆိုပါက အစိုးရသတင်းစာတွေမှာ ထည့်သွင်းပြီးမှ ရသလို အစိုးရဌာနတွေကလည်း နိုင်ငံပိုင် သတင်းစာတွေကို ၀င်ခွင့်ပေးပေမယ့် ပုဂ္ဂလိက သတင်းစာက သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်း ရယူခွင့်မပေးတဲ့ အတွက် မျှတတဲ့ယှဉ်ပြိုင်မှုကိုလည်း မရဘူးလို့ ဆိုပါတယ်။
၁၉၆၂မတိုင်မီက သတင်းစာတွေဖြစ်တဲ့ လူထု၊ ဗမာခေတ်၊ နေရှင်း၊ မြန်မာ့အလင်း၊ ဂါဒီးယန်း စတဲ့ သတင်းစာတွေဟာ သတင်းစာဆရာကြီးတွေက ထုတ်ခဲ့တာဖြစ်တယ်လို့ အစိုးရက သတင်းစာ ထုတ်ဝေနေတာဟာ ပုဂ္ဂလိက သတင်းစာတွေကို အလိုအလျောက် သတ်ပြီးသား ဖြစ်သွားတဲ့ အတွက် အမြဲဆန့်ကျင်သလို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ သူက ပြောပါတယ်။
အစိုးရက ထုတ်ဝေနေတဲ့ သတင်းစာတွေဟာလည်း အမြတ်အစွန်းတွေ ကျပ်သန်းထောင်နဲ့ချီ အမြတ်ပေါ်နေတယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၃ ခုနှစ် တနှစ်အတွင်း ပုဂ္ဂလိကသတင်းစာ ၃၂ စောင် ထုတ်ဝေခွင့်ပြုထားပြီး ၁၂ စောင်လောက် ပုံမှန်ထွက်ရှိနေတယ်လို့ သိရပါတယ်။
No comments:
Post a Comment