Monday, April 14, 2014

ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲရန်ကုန်တွင် ကျင်းပ

တင့်ဆွေမောင်

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရခိုင်လူမူ အဖွဲ့အစည်းများမှ စီစဉ် ကျင်းပသည့် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံတွင် ဧပြီလ ၁၂ ရက် ယမန်နေ့က စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရခိုင်ရိုးရာနံ့သာသွေးပွဲတော်သို့ အဖွဲ့ပေါင်း (၁၆) ခုတက်ရောက်ခဲ့ပြီး အဖွဲ့လိုက် နံ့သာသွေးကာ ပြိုင်ပွဲ ၀င်ခဲ့ကြသည်။

ပြိုင်ပွဲသို့ မေယုပျိုဖြူ (မောင်တော)၊ မြောက်ဦးနန်းသူ (မြောက်ဦး)၊ လေးဝတီကုလရက္ခတိတ အသင်း (လေးရပ်မဏ္ဍိုင်မျိုးရခိုင်)၊ မြတ်ပန်းသဇင်၊ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၊ ဦးရာဇ်ရင်သွီး (ပုဏ္ဍားကျွန်း)၊ မေယုသဇင် (ရသေ့တောင်)၊ စောင့်လေးမျိုးနွယ် (ရခိုင်မောင်မယ်အသင်း)၊ ရမ္မာပျိုဖြူ (ရမ်းဗြဲ)၊ ဟန်သာကမ်းသူ (မြေပုံ)၊ သန္တာမြေ (ကျောက်ဖြူ)၊ ဖူးစာရှင် (မင်္ဂလာဒုံ ပရဟိတိအသင်း)၊ စိုင်းတင်အားမာန် (ဘူးသီးတောင်)၊ သဇင်မေရို့ ပျော်ရာမြီ( ပေါက်တော)၊ ဂစ္ဆပပျိုဖြူ (ကျောက်တော်)၊ မေဃဧကရီ ( မာန်အောင်)နှင့် လှဒေ၀ီ (ရွှေပြည်သူ လူမူကူညီမူ အသင်း) တို့ ပါဝင်ခဲ့ကြသည်။

ပထမဆုကို ဖူးစာရှင် (မင်္ဂလာဒုံ ပရဟိတိအသင်း)မှ၎င်း၊ ဒုတိယဆုကို စောင့်လေးမျိုးနွယ် (ရခိုင်မောင်မယ်အသင်း)မှ၎င်း၊ တတိယဆုကို မေဃဧကရီ ( မာန်အောင်) အသင်းမှ၎င်း အသီးသီးရရှိသွားခဲ့ကြသည်။ ကျန်ရှိနေသော အသင်းအဖွဲ့များကို အထူးဆုများလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။

ကျင်းပရေးကော်မီတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် မှ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စတင် ပေါ်ပေါက်လာပုံကို နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ဒီ ရခိုင်ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်ပွဲ စတင်အခြေခံလာပုံကို ပြောရရင် ပထမ ဓည၀တီခေတ် ရခိုင်ဘုရင် စန္ဒာသူရိယ မင်းလက်ထက်က စတင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။ စန္ဒာသူရိယ ဘုရင်လက်ထက်မှာ ဘုရားရှင် မြတ်ဗုဒဟာ ဘုရင်ရဲ့ ပင့်ဖိတ်ချက်အရ ရခိုင်ပြည်ကို ကြွရောက် လာပြီး ရင်ငွေ့တော် ခုနှစ်အုပ်နဲ့ ဘုရားရှင်ကိုယ်စား မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ပြည်သူတွေ ကိုယ်ကွယ် နိုင်အောင် သွန်းလုပ်ခဲ့ပါတယ်။ အဲဒီမဟာမုနိ ရုပ်ရှင်တော်မြတ်ကို အမွှေးနံ့သာတွေနဲ့ ရေသပ္ပါယ် ပူဇော်ရာကနေ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စတင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ရိုးရာ သင်္ကြန်ကျင်းပရေးကော်မီတီ ဥက္ကဌ ဒေါက်တာ စံလှကျော်မှလည်း ရန်ကုန် ရခိုင်သင်္ကြန်ပွဲတော် အစီအစဉ်အား ယခုလို ပြောသည်။

“ နံ့သာသွေးပွဲ ကျင်းပပြီးရင် ဧပြီလ ၁၃ ရက် မဟာ သင်္ကြန်အကြိုနေ့မှာ ဘုရားရေသပ္ပါယ်ပွဲတော်ကို ရွှေတိဂုံ စေတီတော်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ ရေသပ္ပါယ်ပွဲတော်ပြီးဆုံးတာနဲ့ တပြိုင်နက်တည်း သုဝဏ္ဍကွင်းမှာ ကျင်းပပြုလုပ်မယ့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်နဲ့ ရခိုင်လူမူ အဖွဲ့ကိုယ်စားပြု မဏ္ဍပ်ပေါင်း ၁၆ ခု ပါဝင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယမန်နေ့က ပြုလုပ်သော နံ့သာသွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဌ အဂ္ဂါမဟာသီရိသုဓမ္မမဏိဇောတဒရ ဆရာကြီး ဒေါက်တာ ဦးကျော်မင်း၊ ရခိုင်ရိုးရာ သင်္ကြန်ကျင်းပရေးကော်မီတီ ဥက္ကဌ ဒေါက်တာ စံလှကျော်၊ ရခိုင်သင်္ကြန်ကျင်းပရေး ကော်မီတီဝင် ဒေါ်စောခင်တင့်နှင့် ဒေါ်မြမေ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်ခင်စောဝေ၊ ရခိုင်အမျိုးသားပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစော၊ AA မှ ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ တက်ရောက်ခဲ့ကြသည်။

No comments: